
တရုတ်၏ စစ်ရေးလေ့ကျင့်မှုများကို အနီးကပ်စောင့်ကြည့်သွားမည်ဟု တရုတ် (တိုင်ပေ) ကာကွယ်ရေးဝန်ကြီး ဝယ်လင်တန် ကူးက အောက်တိုဘာ ၁၂ ရက်တွင် ပြောကြားခဲ့သည်။
တရုတ်သည် ယခုသီတင်းပတ်အတွင်း တရုတ်ကမ်းရိုးတန်းအနီးတွင် ကျည်အစစ်များအသုံးပြုပြီး စစ်ရေးလေ့ကျင့်မှုများပြုလည်မည်ဖြစ်ကြောင်း ကြေညာခဲ့သည်။
တရုတ် ရေကြောင်း အာဏာပိုင်များ၏ ထုတ်ပြန်ချက်များအရ အဆိုပါ စစ်ရေးလေ့ကျင့်မှုများကို အောက်တိုဘာ ၁၂ ရက်မှ ၂၀ ရက်နေ့အထိ ဘိုဟိုင်းပင်လယ်၊ ပင်လယ်ဝါ၊ အရှေ့တရုတ်ပင်လယ်နှင့် တောင်တရုတ်ပင်လယ် တို့တွင် ပြုလုပ်သွားမည် ဖြစ်ကြောင်း ဖော်ပထားသည်။
တရုတ်နိုင်ငံသည် တရုတ် (တိုင်ပေ)ကို ၎င်း၏ ပိုင်နက်နယ်မြေ တစ်စိတ်တစ်ပိုင်းအဖြစ် ကြေညာထားပြီး လိုအပ်လာပါက အင်အားသုံးထိန်းချုပ်သွာမည်ဟု သတိပေးထားသည်။
တရားဝင် ထုတ်ပြန်ချက်များအရ စစ်ရေးလေ့ကျင့်မှုများကို တရုတ်ကမ်းရိုးတန်းနှင့် နီးကပ်သော ရေပြင်များတွင် ပြုလုပ်သွားမည်ဖြစ်သည်။
"အဆိုးရွားဆုံး အခြေအနေအတွက် ကြိုတင်ပြင်ဆင်ထားခြင်းဆိုတဲ့ မူအတိုင်း သူတို့ရဲ့ လှုပ်ရှားမှုတွေ အားလုံးကို ကျွန်တော်တို့ ဆက်လက်ပြီး အနီးကပ်စောင့်ကြည့်သွားမှာဖြစ်ပါတယ်" ဟု တရုတ် (တိုင်ပေ) ကာကွယ်ရေးဝန်ကြီး ဝယ်လင်တန်ကူးက သတင်းထောက်များကို ပြောကြားခဲ့သည်။
အိန္ဒိယ-ပစိဖိတ် ဒေသတစ်ခွင်တွင် စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်စေသည့် တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော် (PLA) ၏ စစ်ရေးလေ့ကျင့်မှုများကို ရှုတ်ချကြောင်းလည်း ၄င်းက ဆိုသည်။
တရုတ်နိုင်ငံသည် တရုတ် (တိုင်ပေ) ကျွန်းအနီးသို့ တိုက်လေယာဉ်များ၊ စစ်သင်္ဘောများနှင့် ကမ်းခြေစောင့် သင်္ဘောများကို နေ့စဉ်နီးပါး စေလွှတ်လျက်ရှိပြီး ပုံမှန် စစ်ရေးလေ့ကျင့်မှုများကိုလည်း ပြုလုပ်လျက်ရှိသည်။
ထိုင်ဝမ်သမ္မတ လိုင်ချင်တယ်ကမူ မိမိတို့အနေဖြင့် စစ်ပွဲစတင်ရန် မဟုတ်ဘဲ စစ်ပွဲကို ဟန့်တားရန်အတွက် စစ်ရေးစွမ်းရည် မြှင့်တင်ရေးတွင် ဒေါ်လာဘီလျံပေါင်းများစွာ ရင်းနှီးမြှုပ်နှံနေခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
သို့သော် တရုတ်နိုင်ငံ၏ တရုတ် (တိုင်ပေ)ရေးရာရုံးက လိုင်အား တရုတ် (တိုင်ပေ) ရေလက်ကြား တစ်လျှောက် ထိပ်တိုက်တွေ့ဆုံမှုများကို လှုံ့ဆော်နေသူဟု စွပ်စွဲခဲ့သည်။
လိုင်၏ အစိုးရသည် ၂၀၂၇ ခုနှစ်အတွက် ကာကွယ်ရေး အသုံးစရိတ်အဖြစ် တရုတ်(တိုင်ပေ) ဒေါ်လာ ၁ ဒသမ ၁ ထရီလျံ (အမေရိကန်ဒေါ်လာ ၃၄ ဒသမ ၅ ဘီလျံ) အထိ စံချိန်တင် ဘတ်ဂျက်လျာထား သတ်မှတ်ထားပြီး၊ ယင်းသည် ဂျီဒီပီ၏ ၃ ရာခိုင်နှုန်းကျော် ဖြစ်သည်။
Ref: AFP