Eleven Media Group

ပိုလန်ဝန်ကြီးချုပ်ကို လုပ်ကြံရန် ကြံစည်ခဲ့သည့် သံသယရှိသူတစ်ဦးကို ဖမ်းဆီးရမိ

ပိုလန်ဝန်ကြီးချုပ် ဒေါ်နယ်တပ်စ်နှင့် ကာကွယ်ရေးဝန်ကြီးတို့ကို လုပ်ကြံတိုက်ခိုက်ရန် ကြံစည်ခဲ့သည်ဟု စွပ်စွဲခံထားရသူတစ်ဦးကို ဖမ်းဆီးထိန်းသိမ်းထားကြောင်း သိရသည်။

ပိုလန်ပြည်ထဲရေးဝန်ကြီးဌာနက ဝန်ကြီးချုပ်တပ်စ်နှင့် ကာကွယ်ရေးဝန်ကြီး ကိုဆီနီယက်ခ်-ကာမစ်ရှ်တို့ကို ပစ်မှတ်ထားသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာနိုင်ကြောင်း ယုံကြည်ရလောက်သည့် သတင်းအချက် အလက်များကို ရဲတပ်ဖွဲ့က လက်ခံရရှိထားကြောင်း ထုတ်ပြန်ခဲ့သည်။

တိုက်ခိုက်ရန် ကြံစည်ထားသည့် သတင်းအချက်အလက်များ ရရှိပြီးနောက် ပိုလန်လုံခြုံရေးအဖွဲ့များက အောက်တိုဘာ ၁၁ ရက်တွင် အရေးပေါ်အစည်းအဝေးတစ်ရပ် ကျင်းပခဲ့သည်။ လျင်မြန်ပြတ်သားစွာ အရေးယူဖမ်းဆီးပေးခဲ့သည့် ရဲတပ်ဖွဲ့အား ပိုလန်ဝန်ကြီးချုပ်က ကျေးဇူးတင်စကား ပြောကြားခဲ့သည်။ ဖမ်းဆီးခံရသူက ပိုလန်နိုင်ငံသားပင်ဖြစ်သည်။

ဝန်ကြီးများ၏လုံခြုံရေးကို တာဝန်ယူထားသည့် နိုင်ငံတော်ကာကွယ်စောင့်ရှောက်ရေးအဖွဲ့က သံသယဖြစ်ဖွယ် အစီအစဉ်နှင့်ပတ်သက်သည့် အီးမေးလ်တစ်စောင်ကို ရဲတပ်ဖွဲ့ထံ လွှဲပြောင်းပေးခဲ့ပြီးနောက် အရေးယူနိုင်ခဲ့ခြင်း ဖြစ်သည်။

ဒေါ်နယ်တပ်စ်သည် ၂၀၂၃ ခုနှစ်မှစ၍ ပိုလန်ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်လျက်ရှိပြီး ယခင်ကလည်း ၂၀၀၇ ခုနှစ်မှ ၂၀၁၄ ခုနှစ်အထိ ဝန်ကြီးချုပ်တာဝန်၊ ၂၀၁၄ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ ဥရောပကောင်စီဥက္ကဋ္ဌ တာဝန်တို့ကို ယူခဲ့သည်။

Ref: BBC ,Photo:AP

မူရင်းသတင်း — Eleven Media Group