
အာဖရိကအရှေ့ပိုင်း ဂျီဘူတီနိုင်ငံ ကမ်းလွန်ပင်လယ်ပြင်တွင် ရွှေ့ပြောင်းနေထိုင်သူ ၃၀၀ ကျော် လိုက်ပါလာသည့် ရေယာဉ်တစ်စင်း တိမ်းမှောက်ခဲ့ရာ ကလေးများအပါအဝင် အနည်းဆုံး လူ ၁၃၉ ဦး သေဆုံးထားကြောင်း အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းနေထိုင်မှုအဖွဲ့ (IOM) က အောက်တိုဘာ ၁၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။ သေဆုံးသူအရေအတွက် ပိုမိုမြင့်တက်လာနိုင်ကြောင်းလည်း သိရသည်။
IOM ၏ ဂျီဘူတီနိုင်ငံဆိုင်ရာ တာဝန်ခံ အလက်ဇန်းဒါး ကွာဆက်က အေပီသတင်းဌာနသို့ ဖုန်းဖြင့်ပြောဆိုမှုအရ လက်ရှိထုတ်ပြန်ထားသည့် သေဆုံးသူစာရင်းသည် ဂျီဘူတီအာဏာပိုင်များက သင်္ဂြိုဟ်ပေးခဲ့သူများသာ ဖြစ်သည်။
အချို့သေဆုံးသူများကို ရွှေ့ပြောင်းနေထိုင်သူများကိုယ်တိုင် သင်္ဂြိုဟ်ပေးခဲ့ပြီး အလောင်းများကို အတည်ပြု နိုင်ခြင်း မရှိသေးသည့်အတွက် တရားဝင်သေဆုံးစာရင်းတွင် မထည့်ရသေးပေ။ အလောင်းများကို မည်သူ မည်ဝါမသိ ၊ နာမည်မသိဘဲ စစ်ပွဲအတွင်း သေဆုံးသူများကဲ့သို့ စုပေါင်းမြေမြှုပ် သင်္ဂြိုဟ်ခဲ့ရခြင်း ဖြစ်သည်။
IOM ၏ ထုတ်ပြန်ချက်အရ ရွှေ့ပြောင်းနေထိုင်သူများသည် အောက်တိုဘာ ၈ ရက် ညနေပိုင်းတွင် ရေယာဉ်ပေါ်တက်ခဲ့ကြပြီး ဂျီဘူတီမှ ယီမင်နိုင်ငံသို့ ဦးတည်ခုတ်မောင်းနေစဉ် အောက်တိုဘာ ၈ ရက်ည သို့မဟုတ် အောက်တိုဘာ ၉ ရက်နံနက်ပိုင်းတွင် တိမ်းမှောက်ခဲ့ခြင်းဖြစ်သည်။ လိုက်ပါလာသူများအနက် လူ ၈၀ ကျော် အသက်ရှင်လွတ်မြောက်ခဲ့ပြီး အားလုံးက အီသီယိုးပီးယားနိုင်ငံသားများဖြစ်ကာ လူ ၈၀ ကျော် ပျောက်ဆုံးနေဆဲဖြစ်သည်။
အာဖရိကဦးချိုဒေသမှ အာရေဗျကျွန်းဆွယ်သို့သွားသည့် အဆိုပါရေကြောင်းလမ်းသည် အန္တရာယ်များပြီး ရွှေ့ပြောင်းနေထိုင်သူများ အသုံးများသည်။ အများစုက ပင်လယ်ကွေ့ဒေသရှိ ဆော်ဒီအာရေဗျကဲ့သို့ ချမ်းသာသည့်နိုင်ငံများတွင် အလုပ်အကိုင်ရှာဖွေရန် စွန့်စားသွားရောက်ကြခြင်းဖြစ်သည်။
ကုလသမဂ္ဂ၏ ဂျီနီဗာအခြေစိုက် ရွှေ့ပြောင်းနေထိုင်မှုဆိုင်ရာအေဂျင်စီက ရေယာဉ်ပေါ်တွင် လူပေါင်း ၃၀၅ ဦး လိုက်ပါလာခဲ့ကြောင်း အတည်ပြုခဲ့ပြီး သေဆုံးသူအရေအတွက် ထပ်မံတိုးလာနိုင်သည်ဟု သတိပေးထားသည်။
Ref: AP