Eleven Media Group

ပုပ်ရဟန်းမင်းကြီး လီယို ၁၄ အဆုတ်တွင် အကျိတ်တွေ့ထားသဖြင့် ခွဲစိတ်ကုသမှုခံယူမည်

ပုပ်ရဟန်းမင်းကြီး လီယို ၁၄ က ကျန်းမာရေးစစ်ဆေးမှုပြုလုပ်ရင်း အဆုတ်တွင် အကျိတ်ငယ်တစ်ခု တွေ့ထားသဖြင့် လာမည့်ရက်ပိုင်းအတွင်း ခွဲစိတ်ကုသမှု ခံယူသွားမည်ဖြစ်ကြောင်း အောက်တိုဘာ ၁၁ ရက်တွင် ကြေညာလိုက်သည်။

အသက် ၇၁ နှစ်အရွယ် ပုပ်ရဟန်းမင်းကြီးက ရောမမြို့ရှိ စိန့်ပီတာရင်ပြင်တွင် တနင်္ဂနွေနေ့တိုင်း ပြုလုပ် လေ့ရှိသည့် ဆုတောင်းဝတ်ပြုမှုအတွင်း “ဆေးစစ်တော့ အဆုတ်မှာ အစောပိုင်းအဆင့်သာ ရှိသေးတဲ့ အကျိတ်ငယ်တစ်ခုကို ဆရာဝန်တွေက တွေ့ခဲ့တယ်” ဟု လူထုကို အသိပေးခဲ့သည်။

ပုပ်ရဟန်းမင်းကြီး၏ ဆေးကုသရေးအဖွဲ့က ခွဲစိတ်ကုသမှုခံယူရန် သင့်လျော်သည်ဟု ယူဆကာ ပုပ်ရဟန်းမင်းကြီး ကိုယ်တိုင်ကလည်း သဘောတူခဲ့ခြင်း ဖြစ်သည်။ ခွဲစိတ်ကုသမှုကို လာမည့်သီတင်းပတ် အစောပိုင်းတွင်ပြုလုပ်ရန် စီစဉ်ထားပြီး ခွဲစိတ်ပြီးနောက် ပြန်လည်နာလန်ထူရန် အချိန်တစ်ပတ်ခန့် ကြာမြင့်နိုင်ကြောင်းလည်း သိရသည်။

ပုပ်ရဟန်းမင်းကြီး လီယို ၁၄ သည် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်(ကွယ်လွန်)၏နေရာကို လွန်ခဲ့သည့် တစ်နှစ်ခွဲခန့်အကြာက ဆက်ခံခဲ့သည်။ ပုပ်ဖရန်စစ်သည်လည်း အဆုတ်ဆိုင်ရာ ကျန်းမာရေး ပြဿနာများကြောင့် ဆေးရုံတက်ကုသခဲ့ရသည်။

စိန့်ပီတာ၏ပလ္လင်ကို ဆက်ခံသည့် ၂၆၇ ဦးမြောက် ပုပ်ရဟန်းမင်းကြီးဖြစ်လာသူ လီယို ၁၄ သည် ထိုတာဝန်ကို ယူခွင့်ရသည့် ပထမဆုံး အမေရိကန်နိုင်ငံသားလည်း ဖြစ်သည်။

Ref: BBC,Photo: AP

မူရင်းသတင်း — Eleven Media Group