
မန်ယူအသင်းရဲ့ အာဂျင်တီးနားနောက်ခံလူ လီဆန်ဒရိုမာတီနက်ဇ်က ပြီးခဲ့တဲ့နွေရာသီမှာ ကစားသမားသစ် အားဖြည့်မှုနည်းပါးခဲ့တာကြောင့် အသင်းရဲ့ လူစာရင်းက ချန်ပီယံလိဂ်အရည်အသွေးမရှိကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
မန်ယူအသင်းဟာ ချန်ပီယံလိဂ် League Phase အဆင့်ရဲ့ အဖွင့်ပွဲစဉ်(၁)မှာ ဆာဘာအသင်းကို (၄-၀)ဂိုးနဲ့ ဂိုးပြတ်အနိုင်ရခဲ့ပေမဲ့ မနေ့ညက ယှဉ်ပြိုင်ခဲ့တဲ့ ပွဲစဉ်(၂)မှာတော့ အက်သလက်တီကိုအသင်းကို (၀-၂)ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။
အက်သလက်တီကိုကို ရှုံးနိမ့်ခဲ့တဲ့ပွဲအပြီးမှာ လီဆန်ဒရိုမာတီနက်ဇ်က အားဖြည့်မှုလျော့နည်းခဲ့ခြင်းအတွက် အသင်းတာဝန်ရှိသူတွေကို ဝေဖန်ပြစ်တင်ခဲ့ခြင်းလည်း ဖြစ်ပါတယ်။
''တကယ့်ကို ညံ့ဖျင်းပါတယ်။ တကယ့်ကို ညံ့ဖျင်းပါတယ်။ ကျွန်တော် ကိုယ့်ကိုယ်ကို အများကြီး ထိန်းချုပ်ထားပါတယ်။ ဒါပေမဲ့ တစ်ခါတလေမှာတော့ ဒါက ကျွန်တော်တို့အသင်း ဘယ်လိုအခြေအနေ ဖြစ်နေသလဲဆိုတာ ထင်ဟပ်ပြနေပါတယ်။ ပြီးခဲ့တဲ့ရာသီမှာ စိတ်လှုပ်ရှားစွာ ဖြတ်သန်းခဲ့ပြီးနောက် ကစားသမားသစ်တွေ ပိုရောက်လာဖို့ ကျွန်တော်တို့ မျှော်လင့်ခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ အသင်းများစွာက ကစားသမားများစွာ ခေါ်ယူနေတာကြောင့်ပါ။ အက်သလက်တီကိုက အသင်းကောင်းတစ်သင်းဖြစ်ပြီး ဒီနေ့ သူတို့ အနိုင်ရဖို့ ထိုက်တန်ပါတယ်။ ဒါပေမဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ပိုလုပ်ဖို့ ကျွန်တော် မျှော်လင့်ပါတယ်။ ကျွန်တော်တို့ရဲ့ နည်းစနစ်ဒါရိုက်တာဆီကနေ ဒီထက်ပိုပြီး မျှော်လင့်ပါတယ်။ အရိုးသားဆုံးပြောရရင် ကစားသမားတွေအနေနဲ့လည်း ပိုပြီးလုပ်ဆောင်ဖို့ လိုအပ်ပါတယ်။ ဒါပေမဲ့ ဒီလိုညမျိုးအတွက် တောင့်တင်းတဲ့လူစာရင်း ရှိနေဖို့လည်း အရေးကြီးပါတယ်'' လို့ လီဆန်ဒရိုမာတီနက်ဇ်က ပြောကြားခဲ့ပါတယ်။
မန်ယူနည်းပြ ကာရစ်ကတော့ လီဆန်ဒရိုမာတီနက်ဇ်အနေနဲ့ စိတ်ခံစားမှုကြောင့် အသင်းတာဝန်ရှိသူတွေကို ဝေဖန်ပြောကြားမိခဲ့ခြင်းဖြစ်လိမ့်မယ်လို့ ကာကွယ်ပြောကြားခဲ့ပါတယ်။
မန်ယူအသင်းဟာ ပြိုင်ပွဲစုံ နောက်ဆုံး(၇)ပွဲမှာ နိုင်ပွဲ(၁)ပွဲသာ ရရှိခဲ့တာကြောင့် ကာရစ်အနေနဲ့ ဖိအားတွေနဲ့ ပိုမိုရင်ဆိုင်နေရကြောင်းလည်း သိရပါတယ်။