Eleven Media Group

မက်ဆီရဲ့ အသက်(၃၀)နောက်ပိုင်း သွင်းယူခဲ့တဲ့ ချန်ပီယံလိဂ်သွင်းဂိုးစံချိန်ကို ဟာရီကိန်း ကျော်ဖြတ်

Photo: X

ဘိုင်ယန်မြူးနစ်အသင်းရဲ့ အင်္ဂလန်တိုက်စစ်မှူး ဟာရီကိန်းဟာ အာဂျင်တီးနားဂန္ထဝင် မက်ဆီရဲ့ အသက်(၃၀)နောက်ပိုင်း သွင်းယူခဲ့တဲ့ ချန်ပီယံလိဂ်သွင်းဂိုးစံချိန်ကို ကျော်ဖြတ်နိုင်ခဲ့ကြောင်း သိရပါတယ်။
ဟာရီကိန်းဟာ ဗိုက်ကင်း ၃-၃ ဘိုင်ယန်မြူးနစ်ပွဲမှာ နှစ်ဂိုးသွင်းယူခဲ့တာကြောင့် ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အသက်(၃၀)နောက်ပိုင်း သွင်းယူတဲ့ဂိုးအရေအတွက် (၃၆)ဂိုး ရှိသွားခဲ့ပါတယ်။
ဒါကြောင့် အသက်(၃၀)နောက်ပိုင်း ချန်ပီယံလိဂ်(၄၈)ပွဲမှာ (၃၅)ဂိုး သွင်းယူခဲ့တဲ့ မက်ဆီရဲ့စံချိန်ကို ကျော်ဖြတ်နိုင်ခဲ့တာပါ။
ဟာရီကိန်းက အသက်(၃၀)ပြည့်ပြီးမှ ဘိုင်ယန်မြူးနစ်အသင်းကို ရောက်ရှိခဲ့တာဖြစ်ပြီး ချန်ပီယံလိဂ်ပွဲ(၄၀)မှာ (၃၆)ဂိုး သွင်းယူနိုင်ခဲ့တာပါ။
ဟာရီကိန်းဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ နောက်ဆုံး(၉)ပွဲဆက်တိုက် ဂိုးသွင်းနိုင်ခဲ့တာကြောင့် လီဝန်ဒေါစကီးနဲ့ နစ္စတယ်ရွိုင်းတို့ရဲ့ စံချိန်ကို လိုက်မီပြီး ပြိုင်ပွဲသမိုင်းမှာ ဒုတိယပွဲဆက်အများဆုံးဂိုးသွင်းနိုင်သူအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်းလည်း သိရပါတယ်။
ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ပွဲဆက်အများဆုံးဂိုးသွင်းနိုင်သူအဖြစ် စံချိန်တင်ထားသူကတော့ ပေါ်တူဂီတိုက်စစ်မှူး စီရော်နယ်လ်ဒိုဖြစ်ပြီး ရီးယဲလ်မှာကစားစဉ် ၂၀၁၇-၁၈ ရာသီတုန်းက (၁၁)ပွဲဆက်တိုက် ဂိုးသွင်းနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။
ဟာရီကိန်းအနေနဲ့ နောက်ထပ်(၃)ပွဲဆက်တိုက် ဂိုးသွင်းနိုင်ရင် စီရော်နယ်လ်ဒိုရဲ့စံချိန်ကို ကျော်ဖြတ်နိုင်မှာဖြစ်ပြီး လာမယ့်ချန်ပီယံလိဂ် ပွဲစဉ်(၃)ပွဲမှာ ဘိုင်ယန်မြူးနစ်အသင်း ရင်ဆိုင်ရမယ့်ပြိုင်ဘက်တွေကတော့ အာဆင်နယ်၊ အက်သလက်တီကိုနဲ့ လိုင်လီတို့ ဖြစ်ပါတယ်။

မူရင်းသတင်း — Eleven Media Group