
ဘာစီလိုနာနည်းပြ ဟန်ဆီဖလစ်ခ်က အသင်းရဲ့ လတ်တလောစွမ်းဆောင်ရည်အတွက် ဂုဏ်ယူပေမဲ့ လက်ရှိအချိန်မှာ ဘာဆုဖလားမှ မရသေးဘူးလို့ ပြောကြားခဲ့ပါတယ်။
ဘာစီလိုနာအသင်းဟာ မနေ့ညက ယှဉ်ပြိုင်ခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ဂါလာတာစာရေးအသင်းကို (၄-၁)ဂိုးနဲ့ အနိုင်ရခဲ့တာကြောင့် ဒီရာသီမှာ ပြိုင်ပွဲစုံ(၁၀)ပွဲစလုံး ရာနှုန်းပြည့်နိုင်ပွဲ ရရှိထားပါတယ်။
လာလီဂါမှာ (၈)ပွဲစလုံးအနိုင်ရရှိပြီး အမှတ်ပေးဇယားထိပ်ဆုံးမှာ ရပ်တည်နေသလို၊ ချန်ပီယံလိဂ်မှာလည်း (၂)ပွဲစလုံးအနိုင်ရရှိပြီး ဇယားထိပ်ဆုံးရောက်လာခဲ့ပါတယ်။
ဘာစီလိုနာအသင်းအနေနဲ့ (၁၀)ပွဲမှာ (၄၃)ဂိုးအထိ သွင်းယူနိုင်ခဲ့တာကြောင့် တစ်ပွဲပျမ်းမျှ (၄)ဂိုးအထက် သွင်းယူနိုင်ခဲ့ခြင်းလည်း ဖြစ်ပါတယ်။
ဒါကြောင့် လက်ရှိကစားပုံအတိုင်းဆိုရင် ဘာစီလိုနာအသင်းဟာ မရပ်တန့်နိုင်တော့တဲ့အသင်း ဖြစ်နေပြီလား ဆိုတဲ့ မေးမြန်းမှုကိုတော့ ဟန်ဆီဖလစ်ခ်က ဘောလုံးဟာ အလွန်မြန်ဆန်စွာ ပြောင်းလဲသွားနိုင်တယ်လို့ တုံ့ပြန်ခဲ့ပါတယ်။
''ဒီအခြေအနေအတွက် ကျွန်တော်တို့ ဂုဏ်ယူပါတယ်။ ကျွန်တော်တို့ ပျော်ရွှင်ပါတယ်။ ပြီးတော့ ယုံကြည်မှုရှိရုံတင်မဟုတ်ဘဲ ကျွန်တော်တို့ ကစားချင်တဲ့ပုံစံကိုလည်း ပြသထားနိုင်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ရဲ့ ရည်မှန်းချက်က ဒီထက်အများကြီးပိုပါတယ်။ ကျွန်တော်တို့ ဆုဖလားတွေ ရယူချင်ပါတယ်။ အခု ဘာမှ မယူနိုင်သေးပါဘူး။ မေ၊ ဇွန်မှာမှ ယူနိုင်မှာပါ။ အဲဒီအတွက် ကျွန်တော်တို့ နေ့စဉ် အလုပ်လုပ်နေပါတယ်'' လို့ ဟန်ဆီဖလစ်ခ်က ပြောကြားခဲ့ပါတယ်။