
ဟင်္သာတကမ်းနား ပွဲရုံတန်း၌ ပွဲရုံနှင့် ဆိုင်ခန်းများ မီးလောင်မှုဖြစ်ပွားခဲ့ပြီး ဆုံးရှုံးမှုများပြားခဲ့ကြောင်း သိရသည်။
အဆိုပါမီးလောင်မှုမှာ အောက်တိုဘာလ ၁၄ ရက် နံနက် ၄ နာရီခန့်အချိန်က ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
မီးလောင်မှုဖြစ်ပွားခဲ့သည့် ပွဲရုံတန်း၌ ပွဲရုံ၊ ကုန်စုံဆိုင်၊ လက်ဖက်ရည်ဆိုင်နှင့် ထမင်းဆိုင်တို့ရှိပြီး သွပ်မိုး၊ ပျဉ်ကာ၊ ကွန်ကရစ်ခင်း ၁၀ ခန်း၊ သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်း ၁၁ ခန်း မီးလောင်ဆုံးရှုံးခဲ့ကြောင်း မီးသတ်ဦးစီးဌာန၏ အတည်ပြုချက်အရ သိရသည်။
မီးလောင်မှုဖြစ်ပွားရသည့်အကြောင်းရင်းမှာအားသွင်းထားသော ဘက်ထရီဆိုလာ Inverter မှ အပူလွန်ကဲပြီး မိန်းကြိုးသို့ ကူးစက်လောင်ကျွမ်းရာ အနီးရှိလောင်စာများမှတစ်ဆင့် ဆက်လက်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။
“ကမ်းနားပွဲရုံတန်းမှာ လောင်တာပါ။ မြစ်ကမ်းကို မျက်နှာမူတဲ့ဘက်ခြမ်းမဟုတ်ဘူး။ လယ်တော်ဂုံးကနေ ကမ်းနားသွားတဲ့လမ်းကို မျက်နှာမူထားတဲ့ ဘယ်ဘက်ခြမ်းအတန်းပါ။ ကမ်းနားဆိုတော့ လေကလည်း တိုက်တယ်။ မီးလောင်တဲ့အထဲမှာ ပေပါတွေကနေ ထပေါက်တာတွေလည်းရှိတော့ အတော်သတိထားကြရပါတယ်။ မီးကများတယ်။ ဆက်ပြီး မီးကူးရင် တစ်တန်းလုံးကုန်မှာ။ ရပ်ကွက်ဘက်ခြမ်းလည်းရှိတော့ မီးဆက်မကူးအောင် မီးသတ်တွေ အတော်ထိန်းကြရတယ်။ မီးငြှိမ်းသတ်ရင်း အမိုးကနေကျွံကျလို့ ပြုတ်ကျတာလည်းရှိတယ်။ ဘာမှမဖြစ်လို့ တော်သေးတယ်။ ကူညီရင်း ထိခိုက်တာ၊ နိုင်သ၍ ပစ္စည်းဝင်ထုတ်ရင်း ပိတ်မိနေတာမျိုးတွေမဖြစ်အောင် ကျွန်တော်တို့လည်း သတိပေးပြီး ကူညီပေးဖြစ်ပါတယ်။ မူးမေ့တာ၊ ထိခိုက်တာ စသဖြင့် လိုအပ်ရင်အသင့်ကူညီပေးနိုင်ဖို့ စေတနာ့ဝန်ထမ်းတွေရော ၊ ကူညီမှုယာဉ်ပါ ပြီးတဲ့ထိ အသင့်ရှိနေပေးခဲ့ပါတယ်။ မီးသတ်တွေဆို အတော်ပင်ပန်းကြပါတယ်။ နံနက် ၆ နာရီခွဲမှာလည်း မီးကြွင်းမီးကျန်ထဲက ပေပါတွေကနေ ထပ်ပြီးထပေါက်လို့ ငြှိမ်းကြရတယ်။ မိုးကလည်း ရွာမလိုလိုနဲ့ မီးကြွင်းမီးကျန်ကျမှပဲ မိုးပေါက်တွေ ကျတော့တယ်။ မီးလောင်တဲ့အတန်းလိုက်က မျက်နှာစာလေးတွေပဲကျန်တယ်။ နောက်တစ်ကြောလုံးလောင်ပြီး ဆုံးရှုံးမှုများပါတယ်”ဟု ဟင်္သာတခရိုင်ကွန်ရက် လူမှုကူညီရေးအသင်းမှ စေတနာ့ဝန်ထမ်းတစ်ဦးက ဖြေကြားသည်။
မီးလောင်မှုဖြစ်ပွားရာသို့ ခရိုင်၊ မြို့နယ်၊ နယ်မြေမီးသတ်စခန်းတို့မှ မီးငြှိမ်းသတ်ယာဉ် လေးစီး၊ ရေသယ်ယာဉ် ခြောက်စီးနှင့် မီးသတ်တပ်ဖွဲ့ဝင်များ ထွက်ခွာငြှိမ်းသတ်ခဲ့ကြကြောင်း သိရသည်။