Eleven Media Group

■ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန သန်လျင်ရေနံချက်စက်ရုံ (အပိုင်း-၁) ဖွင့်လှစ်

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ သန်လျင်ရေနံချက်စက်ရုံ (အပိုင်း-၁) ဖွင့်ပွဲ အခမ်းအနားကို ယ​နေ့(​အောက်တိုဘာ ၁၄ ရက်)တွင် ပြုလုပ်ခဲ့သည်။

အဆိုပါ သန်လျင်ရေနံချက်စက်ရုံ (အပိုင်း-၁) ဖွင့်ပွဲ အခမ်းအနားသို့ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက်ဖွင့်လှစ်ပေးပြီး ဂုဏ်ပြုအမှာစကားပြောကြားသည်။

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြည်တွင်းစက်သုံးဆီထုတ်လုပ်မှု တိုးမြှင့်ရေး၊ ရေနံစိမ်းကုန်ကြမ်းဖူလုံရေး၊ ပြည်ပစွမ်းအင်အပေါ် မှီခိုမှုလျှော့ချရေးနှင့် ရေရှည်စွမ်းအင်လုံခြုံရေးတို့အတွက် လမ်းညွှန်မှာကြားရာတွင် ကုန်ကြမ်းဖူလုံမှု၊ ထုတ်လုပ်မှုစွမ်းဆောင်ရည်၊ ထုတ်ကုန်အရည် အသွေးနှင့် စီးပွားရေးအကျိုးအမြတ်တို့ကို ဟန်ချက်ညီစွာ စီမံဆောင်ရွက်ပြီး စက်ရုံလည်ပတ်မှုကို စဉ်ဆက်မပြတ် စောင့်ကြည့်ထိန်းသိမ်းရန်၊ ရင်းနှီးမြှုပ်နှံမှုအသစ်များ ဖိတ်ခေါ်၍ AI အပါအဝင် ခေတ်မီနည်းပညာများဖြင့် ပြည်တွင်းရေနံထုတ်လုပ်မှု တိုးမြှင့်ရန်နှင့် အရှေ့တောင်အာရှ ရေနံစိမ်းပိုက်လိုင်းမှ ရေနံစိမ်းရရှိရေးအတွက် ဆက်လက်ညှိနှိုင်းရန် ​ပြောကြားသည်။

ထို့ပြင် တိုးချဲ့ရေနံချက်စက်ရုံစီမံကိန်းကို ဆက်လက်အကောင်အထည်ဖော်၍ အဆင့်မြင့်စက်သုံးဆီနှင့်ရေနံဓာတုထုတ်ကုန်များ ထုတ်လုပ်နိုင်ရေး၊ ပြည်တွင်းဓာတ်ဆီနှင့် ဒီဇယ်လိုအပ်ချက်များ ဖြည့်ဆည်းနိုင်ရေး ဆောင်ရွက်ရန်၊ ပြည်တွင်းစက်သုံးဆီထုတ်လုပ်မှု တိုးမြှင့်၍ ပြည်ပတင်သွင်းမှုနှင့် နိုင်ငံခြားငွေသုံးစွဲမှု လျှော့ချရန်၊ ထုတ်လုပ်မှုမှ ဖြန့်ဖြူးမှုအထိ ကုန်ကျစရိတ်များကို ထိရောက်စွာ စီမံခန့်ခွဲရန်၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်များကို ပေါင်းစပ်အသုံးပြု၍ စွမ်းအင်ချွေတာရေး ဆောင်ရွက်ရန်၊ Digital၊ Automation နှင့် AI နည်းပညာများဖြင့် ထုတ်လုပ်မှုစွမ်းဆောင်ရည် မြှင့်တင်ပြီး ပြည်တွင်းကျွမ်းကျင်ပညာရှင်များ မွေးထုတ်ရန် နိုင်ငံ​တော်သမ္မတက ​ပြောကြားသည်။

ထို့အတူ စက်ရုံလည်ပတ်မှုတွင် မီးဘေးနှင့် အရေးပေါ်အန္တရာယ်များ ကြိုတင်ကာကွယ်ရေး၊ စက်ပစ္စည်းများ ပုံမှန်ထိန်းသိမ်းရေးနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စံချိန်စံညွှန်းများ လိုက်နာရေး အလေးထားဆောင်ရွက်ရန်၊ နိုင်ငံတော်၏ စွမ်းအင်ဖူလုံရေးနှင့် ရေရှည်စွမ်းအင်လုံခြုံရေးအတွက် နိုင်ငံတော်အတွက် စွမ်းအင်ဖူလုံမှုမှသည် စွမ်းအင်အမှီအခိုကင်းရေးအထိဟူသည့် ရည်မှန်းချက်ကို အကောင်အထည်ဖော်ဆောင်ရွက်ရန် နိုင်ငံတော်သမ္မတက ​ပြောကြားသည်။

မူရင်းသတင်း — Eleven Media Group