
အစ္စရေးနိုင်ငံ ၊ တဲလ်အဗစ်မြို့မှ ဩစတြီးယားနိုင်ငံ ဗီယင်နာမြို့သို့ ပျံသန်းသည့် ခရီးသည်တင် လေယာဉ်တစ်စင်း အောက်တိုဘာ ၁၈ ရက်တွင် ဗုံးထောင်ထားကြောင်း ခြိမ်းခြောက်မှုရရှိခဲ့သဖြင့် ဘူဂေးရီးယားနိုင်ငံ မြို့တော်ဆိုဖီယာလေဆိပ်သို့ အရေးပေါ်ဆင်းသက်ခဲ့ကြောင်း ဘူဂေးရီးယား ပို့ဆောင်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
Austrian Airlines လေကြောင်းလိုင်းမှ လေယာဉ်သည် ရိုမေးနီးယားလေပိုင်နက်အတွင်း ရောက်နေစဉ် လေယာဉ်အမှုထမ်းများထံ ဗုံးခြိမ်းခြောက်မှု သတင်းရရှိခဲ့ခြင်းဖြစ်သည်။ ထို့နောက် လေယာဉ်ကို ဆိုဖီယာမြို့သို့ လမ်းကြောင်းပြောင်းကာ အရေးပေါ်ဆင်းသက်လိုက်ရသည်။
ဘူဂေးရီးယားလေတပ်မှ တိုက်လေယာဉ်တစ်စင်းကလည်း အဆိုပါလေယာဉ်ကို ဆိုဖီယာလေဆိပ်အထိ လိုက်ပါစောင့်ရှောက်ပေးခဲ့သည်။
ကနဦးသတင်းများအရ လေယာဉ်ပေါ်တွင် လေယာဉ်အမှုထမ်းခြောက်ဦးနှင့် ခရီးသည် ၅၁ ဦး လိုက်ပါလာခဲ့ပြီး အားလုံးလေယာဉ်ပေါ်မှ ဘေးကင်းစွာဆင်းသက်နိုင်ခဲ့သည်။ ထို့နောက် လေယာဉ်အတွင်း စစ်ဆေးရှာဖွေ မှုများလည်း ပြုလုပ်ခဲ့သည်။ ဖြစ်စဉ်ကို သက်ဆိုင်ရာအာဏာပိုင်များက စတင်စစ်ဆေးနေပြီဖြစ်သည်။
အောက်တိုဘာ ၁၄ ရက်ကလည်း ဂျာမနီနိုင်ငံ၊ ဖရန့်ဖတ်မြို့မှ အိန္ဒိယနိုင်ငံ ဒေလီမြို့သို့ ပျံသန်းလာသည့် Air India လေယာဉ်တစ်စင်း လေယာဉ်ပြန်ပေးဆွဲခံရနိုင်ကြောင်း လုံခြုံရေးသတိပေးချက် ထွက်ပေါ်လာခဲ့သဖြင့် ဂျိုင်ပူမြို့သို့ လမ်းကြောင်းပြောင်းကာ အရေးပေါ်ဆင်းသက်ခဲ့ရသည်။
Ref: Al Jazeera