Eleven Media Group

ထရန့်အစိုးရသည် နိုင်ငံရေးရန်သူများကို ရင်ဆိုင်ရာတွင် ဖက်ဒရယ်အစိုးရကို လက်နက်အဖြစ် အသုံးချနေသည်ဟု သမ္မတဟောင်းဘာရက်အိုဘားမား စွပ်စွဲ

သမ္မတဟောင်းဘာရက်အိုဘားမားက ထရန့်အစိုးရသည် နိုင်ငံရေးရန်သူများကို ရင်ဆိုင်ရာတွင် ဖက်ဒရယ်အစိုးရကို လက်နက်အဖြစ်အသုံးချနေသည်ဟု ဆိုရှယ်မီဒီယာပို့စ်တွင် စွပ်စွဲလိုက်ပြီး မင်နီဆိုတာပြည်နယ်အမျိုးသမီးလွှတ်တော်အမတ် အီလ်ဟန်အိုမာ၏ အမေရိကန်နိုင်ငံသားဖြစ်မှုကို စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်နေချိန်တွင် အိုမာကို ထောက်ခံသည်ဟု ဆိုခဲ့သည်။

သမ္မတဒေါ်နယ်ထရန့်ကို ဝေဖန်ခဲ့ခြင်းနှင့်ပတ်သက်၍အမေရိကန်အစိုးရသည် အိုမာ၏နိုင်ငံသားဖြစ်မှုကို ရုပ်သိမ်းပြီး သူ့အား ပြန်ပို့ရန် ကြိုးပမ်းနေသည်ဟု အိုဘားမားက ဖော်ပြခဲ့ကာ ယခုကဲ့သို့လုပ်ဆောင်ခြင်းသည် အန္တရာယ်ကြီးမားသောအစဉ်အလာတစ်ရပ်ကို သတ်မှတ်ပေးလိုက်နိုင်သည်ဟု သတိပေးခဲ့သည်။

"အစိုးရက လူပုဂ္ဂိုလ်တစ်ဦးချင်းရဲ့နိုင်ငံရေးဆိုင်ရာယုံကြည်ချက်တွေ ဒါမှမဟုတ် သူတို့ ပြောတဲ့အရာတွေကြောင့် သူတို့ကို ရွေးပြီး ပစ်မှတ်ထားလို့မရနိုင်ဘူးဆိုတာဟာ အမေရိကန်ဒီမိုကရေစီရဲ့အခြေခံ စည်းမျဉ်းစည်းကမ်းဖြစ်ပါတယ်"ဟု အိုဘားမားက အောက်တိုဘာ ၁၈ ရက်တွင် X ၌ ရေးခဲ့သည်။

"ဒါပေမဲ့ မင်နီဆိုတာရဲ့အမျိုးသမီးလွှတ်တော်အမတ် အီလ်ဟန်အိုမာကို ထရန့်အစိုးရက လုပ်နေတာဟာ တစ်ဦးတစ်ယောက်ကို ရွေးပြီးပစ်မှတ်ထားနေတယ်ဆိုတာ အတိအကျပါပဲ"ဟု အိုဘားမားက ဖော်ပြခဲ့သည်။

အိုမာ၏နိုင်ငံသားဖြစ်မှုအခြေအနေကို ပြစ်မှုဆိုင်ရာစုံစမ်းစစ်ဆေးမှု ပြုလုပ်ရေးအတွက် ဖက်ဒရယ်အေးဂျင့်များက ဝါရှင်တန်ဒီစီရှိ အိုမာ၏နေအိမ်ကို ဝင်ရောက်ရှာဖွေခဲ့ကြပြီးနောက် အိုဘားမား၏ အထက်ပါ မှတ်ချက်ထွက်ပေါ်လာခြင်းဖြစ်သည်။

လွန်ခဲ့သောဆယ်နှစ်ကျော်တွင် အိုမာအမေရိကန်နိုင်ငံသားဖြစ်လာသည့်အခါ အိုမာ သို့မဟုတ် အိုမာ၏ဖခင်က လိမ်လည်မှုကျူးလွန်ခဲ့ခြင်းရှိမရှိဆိုသည်ကို စုံစမ်းစစ်ဆေးနေခြင်းဖြစ်သည်ဟု သတင်းအရင်းအမြစ်များက Fox News Digital ကို ယခင်တုန်းက ပြောခဲ့သည်ဟုသိရသည်။

အိုမာ အမေရိကန်နိုင်ငံသားဖြစ်လာရခြင်းကို အိုဘားမားက ကာကွယ်ပြောဆိုခဲ့သည်။

ယခုလိုစုံစမ်းစစ်ဆေးနေခြင်းသည် အဘယ်ကြောင့်အလွန်ပင်တုန်လှုပ်စရာကောင်းရသလဲဆိုသည်ကို နားလည်ရန် အချက်အလက်များကို သိထားရန် အရေးကြီးသည်ဟု အိုဘားမားက ဆိုသည်။

အိုမာသည် အသက် ၁၂ နှစ်အရွယ်တွင် ဖခင်နှင့်အတူ အမေရိကန်သို့ရောက်လာကြောင်း၊ ဖခင်ဖြစ်သူသည် အမေရိကန်နိုင်ငံသားဖြစ်လာသည့်အခါ အိုမာ အသက် ၁၇ နှစ်တွင် အိုမာသည် အလိုအလျောက် အမေရိကန်နိုင်ငံသားဖြစ်လာခဲ့သည်ဟု အိုဘားမားက ပြောကြားခဲ့သည်။

ထိုအချိန်တုန်းက အိုမာသည် အသက် ၁၈ နှစ်ရှိနေပြီဟု စုံစမ်းစစ်ဆေးသူများက အထောက်အထားမခိုင်ဘဲ ပြောနေကြောင်း အိုဘားမားက ပြောကြားခဲ့သည်။

အကယ်၍ထိုအချိန်တုန်းကအိုမာ အသက် ၁၈ နှစ်ဖြစ်နေမည်ဆိုလျှင် အိုမာသည် နိုင်ငံသားဖြစ်ခွင့်ကို သီးခြားအားဖြင့် လျှောက်ထားခဲ့ရလိမ့်မည်ဟု သမ္မတဟောင်းအိုဘားမားက ကာကွယ်ပြောကြားခဲ့သည်။

စုံံစမ်းစစ်ဆေးရာတွင် ပါဝင်ပတ်သက်နေသည်ဆိုခြင်းကို ထရန့်က ငြင်းဆန်ခဲ့ပြီး ထိုကိစ္စကို တရားရေးဌာနကလုပ်နေခြင်းဖြစ်သည်ဟု ယခင်တုန်းက သတင်းထောက်များကို ပြောကြားခဲ့သည်။

မူရင်းသတင်း — Eleven Media Group