Eleven Media Group

ယူကရိန်းနှင့် ရုရှားအနေဖြင့် စစ်ပွဲအဆုံးသတ်ရေးအတွက် အာရုံစိုက်သင့်ကြောင်း ရူဘီယို ပြောကြား

ယူကရိန်းနှင့် ရုရှားအနေဖြင့် စစ်ပွဲအဆုံးသတ်ရေးအတွက်သာ အာရုံစိုက်သင့်ကြောင်း အမေရိကန်နိုင်ငံခြား ရေးဝန်ကြီး မာကို ရူဘီယိုက အောက်တိုဘာ ၁၉ ရက်တွင် ပြောကြားခဲ့သည်။

ရူဘီယိုသည် အမေရိကန်နှင့် ဆိုဗီယက်ယူနီယံအဖွဲ့ဝင်ဟောင်းများဖြစ်သည့် ဥဇဘက်ကစ္စတန်၊ ကာဇက်စတန်၊ ကာဂျစ္စတန်၊ တာဂျာကစ္စတန်နှင့် တာ့ခ်မင်နစ္စတန် နိုင်ငံများကို စုစည်းထားသည့် C5+1 အဖွဲ့၏ ထိပ်တန်း အရာရှိများနှင့် တွေ့ဆုံရန် အောက်တိုဘာ ၁၈ ရက်ညပိုင်းတွင် ဥဇဘက်ကစ္စတန်နိုင်ငံ၏ ဆာမာခန်းမြို့ကို ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။

လေးနှစ်တာ ကြာမြင့်တက်ခဲ့သည့် ယူကရိန်းပဋိပက္ခကို အဆုံးသတ်ရန် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်၊ ရုရှားသမ္မတ ဗလာဒီမာ ပူတင်နှင့် တရုတ်ခေါင်းဆောင် ရှီကျင်းပင်တို့ တွေ့ဆုံဆွေးနွေးနိုင်ခြေ ရှိ၊မရှိ မေးမြန်းမှုအပေါ် ရူဘီယိုက "တွေ့ဆုံပွဲနဲ့ပတ်သက်ပြီး ပြောဆိုဆွေးနွေးမှုတွေ ရှိခဲ့ပါတယ်။ အပြီးသတ် အတည်ပြုပြီးပြီလား ဆိုတာတော့ မသိရသေးပါဘူး။ ဒါပေမယ့် သမ္မတကတော့ ရှင်းရှင်းလင်းလင်း ပြောထားပြီးသားပါ။ ယူကရိန်နဲ့ရုရှားကြား ဖြစ်ပွားနေတဲ့ စစ်ပွဲကို ပြီးဆုံးစေချင်ပါတယ်" ဟု သတင်းထောက်များကို ပြောကြားခဲ့သည်။

ထရန့်သည် ပြီးခဲ့သည့် နိုဝင်ဘာလက အိမ်ဖြူတော်တွင် C5 ခေါင်းဆောင်များကို လက်ခံတွေ့ဆုံခဲ့ဖူးသည်။

"ဒီစစ်ပွဲကနေ ကောင်းမွန်တဲ့ ရလဒ်တစ်ခုမှ ထွက်ပေါ်လာတာကို ကျွန်တော်တို့ မတွေ့ရပါဘူး။ စစ်ပွဲ ပိုမိုကျယ်ပြန့်လာနိုင်ခြေနဲ့ အခြားနိုင်ငံတစ်ခုထဲကို ကူးစက်သွားနိုင်တဲ့ အလွန်ဆိုးရွားတဲ့ စွန့်စားရမှုတွေ အပါအဝင် ထိခိုက်ဆုံးရှုံးမှု အများအပြားကိုပဲ ကျွန်တော်တို့ တွေ့မြင်နေရပါတယ်" ဟု ရူဘီယိုက ပြောကြားခဲ့သည်။

Ref:Reuters

မူရင်းသတင်း — Eleven Media Group