
ရုရှားစွမ်းအင်အခြေခံအဆောက်အအုံများကို တိုက်ခိုက်နေခြင်းအားရပ်တန့်ရန် အမေရိကန်သမ္မတ ဒေါ်နယ် ထရန့်၏ တောင်းဆိုချက်ကိုအာခံလျက် ယူကရိန်းက အောက်တိုဘာ ၁၇ ရက်ညတွင် ရုရှားကို ယခုနှစ်၏ အကြီးမားဆုံးသော ဒရုန်းတိုက်ခိုက်မှုများကို လုပ်ဆောင်ခဲ့သောကြောင့် ရုရှား၏ အဓိက ရေနံတင်ပို့ရာနေရာကို ထိမှန်ခဲ့သည်။
လွန်ခဲ့သောရက်ပိုင်းတွင် အမေရိကန်နှင့် ယူကရိန်းတို့ တင်းမာမှုများမြင့်တက်ခဲ့သည်။ ရုရှား၏ပြင်းထန်သော တိုက်ခိုက်မှုများ ဖြစ်ပေါ်လာနိုင်သည့် နောက်ထပ်ဆောင်းတွင်းကို ချဉ်းကပ်လာချိန်တွင် ယူကရိန်းသည် အရေးပါသော ပံ့ပိုးမှုများကို ဆုံးရှုံးမည့်အနေအထားအတွက် စိုးရိမ်မှုများ မြင့်တက်နေသည်။
ထရန့်က အောက်တိုဘာ ၁၈ ရက်တွင် သူ၏ဆုံးဖြတ်ချက်ကို Truth Social ၌ ရေးသားပြီး ကာကွယ်ပြောဆိုခဲ့ သည်။ မိမိသည် ရုရှားကို စေ့စပ်ဆွေးနွေးရေးစားပွဲဝိုင်းမှ မောင်းထုတ်ရလောက်အောင် ရူးမိုက်သူမဟုတ်ဟု ဖော်ပြခဲ့သည်။
ဇယ်လန်းစကီးက ရုရှား၏ဒီဇယ်သန့်စင်စက်ရုံများကို ပစ်မှတ်ထားနေခြင်းသည် အမေရိကန်ပြည်ထောင်စု အပါအဝင် ကမ္ဘာ့ဒီဇယ်ဈေးကွက်ကို ဆိုးရွားစွာထိခိုက်စေသည်ဟု ထရန့်က ပို့စ်တွင်ဖြည့်စွက် ဖော်ပြခဲ့သည်။
ထရန့်က ဇယ်လန်းစကီးကို ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ပြီး ဇယ်လန်းစကီးသည် စစ်ပွဲကို အဆုံးသတ်ချင် ပုံမရကြောင်း၊ စစ်ပွဲကိုဘယ်တော့မှ အဆုံးသတ်ချင်ပုံမရကြောင်း ပြောကြားခဲ့သည်။
ဇယ်လန်းစကီးက ငြိမ်းချမ်းရေးပန်းတိုင်သို့အရောက်သွားရေးအတွက် မရပ်မနားဆက်သွယ် ဆောင်ရွက်နေ သည်ဟု အောက်တိုဘာ ၁၉ ရက်တွင် ပြောကြားခဲ့ပြီး အမေရိကန်သံတမန်များဖြစ်သောစတိဗ်ဝစ်ကော့ဗ်၊ ထရန့်၏ သမက်ဂျာရက်ကူရှ်နာတို့နှင့် စကားပြောခဲ့သည်ဟု ဆိုသည်။
သို့သော်လည်း ယူကရိန်းက ရုရှားကို တာဝေးပစ်လက်နက်များဖြင့် တိုက်ခိုက်မှုများ ဆက်လက်လုပ် ဆောင်နေသည်။
ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားရာတွင် အောက်တိုဘာ ၁၇ ရက်ညပိုင်းမှ အောက်တိုဘာ ၁၈ ရက်အထိ ယူကရိန်း ဒရုန်း ၁,၀၁၅ စင်းကို နိုင်ငံ၏နေရာအသီးသီးတွင် ပစ်ချခဲ့သည်ဟု ဆိုခဲ့သည်။
Ref:CNN