
ရုရှားသမ္မတ ဗလာဒီမာပူတင်သည် လေးနှစ်နီးပါး ကြာမြင့်လာပြီဖြစ်သည့် ယူကရိန်းစစ်ပွဲ အဆုံးသတ်ရေးကို ဆွေးနွေးရန် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ ပါဝင်သည့် သုံးပွင့်ဆိုင်ထိပ်သီး အစည်းအဝေးတစ်ရပ် နိုဝင်ဘာတွင်ကျင်းပရန် အဆိုပြုထားကြောင်း ဝေါစထရိဂျာနယ်က အောက်တိုဘာ ၁၈ ရက်တွင် ဖော်ပြခဲ့သည်။
သုံးပွင့်ဆိုင်အစည်းအဝေးကို နိုဝင်ဘာ ၁၈ ရက်မှ ၁၉ ရက်အထိ တရုတ်နိုင်ငံ ရှင်းကျန့်မြို့တွင်ကျင်းပမည့် အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု (APEC) ထိပ်သီးအစည်းအဝေးနှင့်အတူ ပြုလုပ်ရန် ရုရှားဘက်က အဆိုပြုထားခြင်းဖြစ်သည်။ ဆွေးနွေးမှုများနှင့် နီးစပ်သည့် သတင်းရင်းမြစ်များကို ကိုးကား၍ ဝေါစထရိဂျာနယ်က ဖော်ပြခဲ့ခြင်းဖြစ်ပြီး အဆိုပါအစည်းအဝေး ဖြစ်မြောက်ရန် အတည်ပြုထုတ်ပြန်ခြင်းများ မရှိသေးဘဲ၊ ဆွေးနွေးပွဲဖြစ်မြောက်ပါကလည်း ယူကရိန်းသမ္မတ ဇယ်လန်းစကီး ပါဝင်မည်မဟုတ်ကြောင်း သိရသည်။
ထရန့်နှင့်ပူတင်တို့ ဆက်ဆံရေး ပိုမိုနီးကပ်လာချိန်၊ အောက်တိုဘာ ၉ ရက်က ထရန့်နှင့်ဖုန်းပြောဆိုချိန် ပူတင်က သုံးနိုင်ငံအစည်းအဝေး ပြုလုပ်ရေးကိစ္စကို ထည့်ပြောခဲ့ခြင်းဖြစ်သည်။ ယင်းဖုန်းပြောဆိုမှုအတွင်း ရုရှားထံမှ ဒီဇယ်လောင်စာ ဝယ်ယူရေးနှင့် ရုရှားက ဒီဇယ်ဆီကို ကမ္ဘာ့ဈေးကွက်တွင် ရောင်းချနိုင်ရေးဆိုင်ရာ သဘောတူညီမှုတစ်ရပ် ရရှိခဲ့သည်။
ထရန့်သည် ရုရှားအပေါ် ချမှတ်ထားသည့် ပိတ်ဆို့အရေးယူမှု အချို့ကို ဖြေလျှော့ပေးသည့် အမိန့်တစ်ရပ်ကို ပြီးခဲ့သည့်ရက်ပိုင်းက လက်မှတ်ရေးထိုးခဲ့သည်။ ထို့ပြင်ထရန့်က ရုရှား၏ စွမ်းအင်ဆိုင်ရာ အခြေခံအဆောက် အအုံများကို ဆက်လက်မတိုက်ခိုက်ရန် ယူကရိန်းကို တောင်းဆိုခဲ့ပြီး ယင်းတိုက်ခိုက်မှုများကြောင့် ဒီဇယ်ဆီဈေးနှုန်းများ မြင့်တက်လာသည်ဟု ပြောသည်။
ယူကရိန်းသမ္မတ ဇယ်လန်းစကီးကလည်း “ပိတ်ဆို့အရေးယူမှုတွေ ဖြေလျှော့ပေးတာ၊ သဘောတူညီချက် ရရှိတာတွေအတွက် ရုရှားဘက်က အပြန်အလှန် တုံ့ပြန်ဆောင်ရွက်မှု မရှိဘူးဆိုတာကို အမေရိကန်က သတိပြုသင့်တယ်။ ရုရှားက အခွင့်အရေးရနိုင်တယ်လို့ ယူဆရတဲ့ အရိပ်အယောင်တိုင်းကို ငွေရှာနိုင်မယ့် အခွင့်အလမ်းအဖြစ် မြင်နေတာ။ ဒါဟာ စစ်ပွဲဆင်နွှဲနေတဲ့ သူတို့ရဲ့ ရွေးချယ်မှုက အကျိုးအမြတ်ရနေတယ်၊ စစ်ပွဲကို ဆက်လက်တိုက်နိုင်တယ်ဆိုတဲ့ သက်သေအဖြစ် ယူဆနေတာ” ဟု ဝေဖန်ထားသည်။
Source: Reuters