
ကချင်ပြည်နယ်၊တနိုင်းဒေသမှာ မုန်ယိုဆင်နင်းလို့ နှစ်အရက်အတွင်း ခုနှစ်ဦးသေဆုံးခဲ့ပြီး ဆင်အား ဖမ်းရန် ကြိုးစားနေဆဲဖြစ်ကြောင်း ဒေသခံတစ်ဦး၏ ပြောပြချက်အရ သိရသည်။
ကချင်ပြည်နယ်၊တနိုင်းမြို့နယ်၊ တရုံကျေးရွာဝန်းကျင်၊စက်ဆဲချောင်းဘေးတွင် အမြင့်ရှစ်ပေရှိ ဆင်ထီးတစ်ကောင် မုန်ယိုကာ အောက်တိုဘာ ၂၄ ရက်နှင့် ၂၅ ရက် နှစ်အတွင်း လူခုနှစ်ဦးကို နင်းသတ်ခဲ့ကြောင်း ဒေသခံ တစ်ဦးက ဆိုသည်။
တရုံရွာအနီးက ဒေသအခေါ်(နတ်ကျော့ကွင်း)အထိ ရောက်လာခဲ့ပြီး ဒေသခံများက သေနတ်ဖြင့် ပစ်ဖောက်ကာ မောင်းထုတ်နေကြောင်း ၊ အောက်တိုဘာ၂၅ ရက်နေ့ ညနေပိုင်းတွင် လဂျားဘွမ်ကျေးရွာ ဘက်သို့ ရောက်လာကြောင်း ၊ယင်းအနီးက အခင်းနှင့် လယ်ပိုင်ရှင်များလည်း စိုးရိမ်ပြီး တိမ်းရှောင်နေရကြောင်း ဒေခံ တစ်ဦးက ဆိုပါသည်။
'' အဲဒီဘက် ဒေသအခေါ်မုန့်ညှင်းခင်း စောင့်တဲ့သူတွေ ရှိတယ်ဗျ။ မဖမ်းမိသေးဘူး။အောက်တိုဘာ ၂၅ ရက်နေ့ နေ့လည်ပိုင်းအထိပဲ။ပိုင်ရှင်က တနိုင်း ကောင်ရာက ဦးဝေစိုးရဲ့ ဆင်ပဲ။ပုဂ္ဂလိက ပိုင်ပဲ။ အစိုးရသစ်လုပ်ငန်း အသိအမှတ် ပြုပြီးသား။မနေ့က အမျိုးသာ နှစ်ယောက်ဆုံးတယ်။ ဒီမနက်က အမျိုးသား ၂ ဦး၊အမျိုးသမီး တစ်ဦး အခင်းစောင့်တဲ့သူတွေကို နင်းသွားတာ။အခြားအခင်းက လူတွေကတော့ ပြေးကုန်ပြီ။ စစ်တပ်ကို အကူအညီတောင်းပြီးသေနတ်နှင့် ခြောက်ထားတယ်''ဟု ဆိုသည်။
ကချင်ပြည်နယ်တွင် ပုဂ္ဂလိက ဆင်ပေါင်း ၈၉၈ ကောင်မှတ်ပုံတင်ထားပြီး မြန်မာသစ်လုပ်ငန်းပိုင်ဆင်ပေါင်း ၉၇ ကောင်ရှိကြောင်း ကချင်ပြည်နယ် သစ်တော ဌာန စာရင်းအရ သိရသည်။
၂၀၁၉ ခုနှစ်က အင်းတော်ကြီးဒေသတွင် မုန်ယိုနေသည့် ဆင်ထီးကြီးအောင်ဘုကြောင့် ဒီဇင်ဘာ ၁၆ ရက်နေ့တွင် ယင်းဆင်၏ ဆင်ဦးစီးကိုလည်းကောင်း၊၁၈ ရက်နေ့တွင် ဆင်နှင့်အတူရှိနေသည့် ဆင်မ၏ ဆင်ဦးစီးကိုလည်းကောင်း၊၂၂ ရက်နေ့တွင်ဈေးအရောင်အဝယ်လုပ်နေသည့် အမျိုးသားတစ်ဦးကိုလည်း ရန်မူနှင်းသတ်ခဲ့ပြီးနောက် ကွန်ဂျီဆင်သုံးကောင်ဖြင့် ဝိုင်းဖမ်းခဲ့ရသည်။
၂၀၁၅ ခုနှစ်ကလည်း ဖားကန့်ဒေသ ၊တောမှော်ရွာမှာ မွေးမြူထားသည့် အိမ်ဆင်တစ်ကောင်မုန်ယိုက ဆင်ဦးစီးအပါအဝင် ငါးဦးကို ရန်မူ နင်းသတ်မှု ဖြစ်ပွားခဲ့သည်။
ကချင်ပြည်နယ်မှာ ဆင်ဦးစီး လုပ်ကိုင်ခဲ့သူ ဦးသန်းအောင်က'' မုန်ယိုတယ်ဆိုတာ။ မစိတ်ဝင်လာတာပေါ့။ နားရွက်အောက်မှာ မုန်ပေါက်ကလေးကနေ မုန်ရေတွေ စီးထွက်လာတယ် ။အဖြူဝါဖန်ဖန်လေးပေါ့။ဆင်ဦးစီးက ကရုစိုက်ရတယ်။ထူးခတ်၊သံကြိုးချည်ပေါ့ ။တစ်လလောက် ကြာတတ်တယ်။မုန်မယိုရင်တော့
ဆင်တွေက စကားနားထောင်တယ်။ညောင်းရင် နင်းခိုင်းလို့လည်း ရတယ်ဗျ။အရင်တုန်းကတော့ ကိုးလောင်းဆင်တို့၊သေဒဏ်ကျ ဆင်တို့ဆိုတာတွေလည်း တကယ်ဖြစ်ခဲ့တဲ့ ဇာတ်လမ်းတွေပါ''ဟု ဆိုသည်။
အပြည်ပြည်ဆိုင် သဘာဝ ထိန်းသိမ်းရေးအဖွဲ့ချုပ်(IUCN)ရဲ့ အာရှဆင် အထူးလေ့လာရေးအဖွဲ့(Asian Elephant Specialist Group)၏ ထုတ်ပြန်ချက်တွင် မုန်ယိုစိတ် ဝင်နေသည့် ဆင်ထီးများသည်ပုံမှန်ထက် ပိုရန်လိုလာကြောင်း ဖော်ပြထားသည်။