
မြန်မာသက္ကရာဇ် ၁၃၈၈ ခုနှစ် ၊သီတင်း ကျွတ်လပြည့်နေ့ (အဘိဓမ္မာ အခါတော်နေ့) အောက်တိုဘာ ၂၆ ရက် နံနက်ပိုင်းတွင် ရွှေတိဂုံစေတီတော်သို့ လာရောက် ဖူးမြှော်သူ များပြားခဲ့သည်။
ရွှေတိဂုံစေတီတော်တွင် နံနက် အရုဏ်တက်ချိန်မှစ၍ ဆွမ်းတော်ကြီးကပ်သူများ၊ ဆီမီးပူဇော်သူများ၊ ပန်းရေချမ်းကပ်သူများ၊ ကန်တော့ပွဲ ကပ်လှူသူများ၊ရွှေသင်္ကန်းကပ်လှူသူများ၊ ဘုရားဖူးများ၊ အလှူဒါနပြုသူများဖြင့် စည်ကားခဲ့ပြီး ဘုရားရင်ပြင်ပေါ်၌ ဘုရားဖူးများဖြင့် ပြည့်နေခဲ့ကြောင်းသိရသည်။
ထို့ပြင် ရွှေတိဂုံစေတီတော်တွင် အဘိဓမ္မာအခါတော်နေ့ သီလခံယူပွဲနှင့် ဆွမ်းသိမ်းအောင်ပွဲ အခမ်းအနားတို့ကိုလည်းကျင်းပခဲ့သည်။
ထို့အပြင် ရွှေတိဂုံစေတီတော်သို့ အနယ်နယ်အရပ်ရပ်မှဘုရားဖူးများက ကားကြီး၊ကားငယ်များဖြင့်လည်း လာရောက်ဘုရားဖူးမျှော်ခဲ့ကြကြောင်း သိရသည်။
မြန်မာသက္ကရာဇ် ၁၃၈၈ ခုနှစ် သီတင်း ကျွတ်လပြည့်နေ့၊ ခရစ်သက္ကရာဇ် ၂၀၂၆ ခုနှစ် အောက်တိုဘာ ၂၆ ရက်သည် မြန်မာလူမျိုးတို့၏ အထွတ်အမြတ်ထားရာ သီတင်းကျွတ် အခါသမယဖြစ်သည်။
သီတင်းကျွတ်လ ဖြစ်တည်လာပုံမှာ ဂေါတမမြတ်စွာဘုရားရှင်သည် တာဝတိ ံသာ နတ်ပြည်တွင် နတ်ဖြစ်လျက်ရှိသော မိခင် ဟောင်းမယ်တော်မိနတ်သားကို ကျေးဇူးဆပ်သည့်အနေဖြင့် အဘိဓမ္မာခုနစ်ကျမ်းအား နေ့ညမပြတ် ဟောကြားခဲ့ရာ သုံးလကြာမြင့်ခဲ့ပြီး သီတင်းကျွတ်လပြည့်နေ့တွင် ပြီးဆုံးသဖြင့် လူပြည်သို့ပြန်အဆင်း လူ့ပြည်မှ ဆီမီးရောင်စုံများဖြင့် ပူဇော်ကန့်တော့ရာမှ သီတင်းကျွတ်အခါသမယ ဖြစ်တည်လာခဲ့သည်ဟု ကျမ်းဂန်များတွင် ဖော်ပြထားကြောင်း သိရသည်။
သီတင်းကျွတ်လသည် မြတ်စွာဘုရားရှင်အား ဆီမီးပူဇော်ခြင်းအပြင် မိဘဘိုးဘွား၊ သက်ကြီးရွယ်အိုများအား ကန်တော့ခြင်း၊ မီးထွန်းပွဲများကျင်းပခြင်း၊ စတုဒိသာများပြုလုပ်ခြင်းများဖြင့် စည်ကားသည့်လဖြစ်သည်။
■ ဓာတ်ပုံ-အောင်မျိုးသန့်