
■ ရွေးကောက်ပွဲရလဒ်ကို ပယ်ဖျက်ပေးရန် ဘော်ဆိုနာရိုတောင်းဆို
အောက်တိုဘာ ၂၅ ရက်က ကျင်းပသည့် ဘရာဇီးသမ္မတရွေးကောက်ပွဲ ဒုတိယအကျော့တွင်လည်း လက်ရှိသမ္မတ လူလာ ဒါဆီဗာပင် ထပ်မံအနိုင်ရခဲ့သည်။ လက်တင်အမေရိကဒေသအပေါ် ဒေါ်နယ်ထရန့်၏ ဩဇာလွှမ်းမိုးမှု တိုးချဲ့လာခြင်းကို ဝေဖန်သူတစ်ဦးဖြစ်သည့် လူလာ အနိုင်ရခဲ့မှုကြောင့် ယင်းဩဇာလွှမ်းမိုးမှုကို စိုးရိမ်နေသူများအတွက် စိတ်သက်သာရာ ရစေခဲ့သည်။
မဲအားလုံးကို ရေတွက်ပြီးချိန် အသက် ၈၁ နှစ်ပြည့်ရန် နီးကပ်နေပြီဖြစ်သည့် လူလာက ပြိုင်ဘက် ဖလာဗီယို ဘော်ဆိုနာရိုကို မဲ ၄ ဒသမ ၄ သန်းနီးပါး အသာရခဲ့ကြောင်း ဘရာဇီးရွေးကောက်ပွဲဆိုင်ရာ တရားရုံးက ကြေညာခဲ့သည်။ လူလာသည် စုစုပေါင်းမဲ၏ ၅၁ ဒသမ ၈ ရာခိုင်နှုန်း ရရှိခဲ့သည်။ သို့သော် နောက်ဆုံးမဲပေးချိန်ကို နှစ်နာရီတိုးရန် ဆုံးဖြတ်ခဲ့ခြင်းကြောင့် နိုင်ငံတစ်ဝန်း မဲရုံများ၌ ရှုပ်ထွေးမှုများ ဖြစ်ပွားခဲ့ပြီးနောက် ယခုရလဒ် ထွက်ပေါ်လာခြင်းဖြစ်သည်။
ဖလာဗီယို ဘော်ဆိုနာရိုက အရှုံးကိုလက်မခံဘဲ မဲပေးချိန်တိုးမြှင့်ခဲ့ခြင်းက မကြုံစဖူးဟု ဝေဖန်ခဲ့သည်။ သို့သော် မဲပေးချိန်ထပ်တိုးပေးရန် လူလာနှင့် ဘော်ဆိုနာရိုတို့ နှစ်ဦးစလုံးက တောင်းဆိုခဲ့ခြင်းဖြစ်သည်။ ယခု ဘော်ဆိုနာရိုက ရွေးကောက်ပွဲရလဒ်ကို ပယ်ဖျက်ပေးရန် တောင်းဆိုနေသည်။
သမ္မတလူလာ၏ မဲဆွယ်စည်းရုံးရေးအဖွဲ့က ထုတ်ပြန်သည့်ဗီဒီယိုတွင် ရွေးကောက်ပွဲ ဒုတိယအကျော့၌ အနိုင်ရရှိကြောင်း အတည်ပြုခံရပြီးနောက် လူလာက ဇနီးဖြစ်သူ ရိုဆန်ဂျလာ ဒါဆီဗာ၊ ၎င်း၏မဟာမိတ်များနှင့်အတူ အောင်ပွဲခံနေသည်ကို တွေ့ရသည်။လူလာက ကြယ်ပုံစံ အနီရောင်မျက်မှန်ကို ဝတ်ထားသည်။ ၎င်းကိုထောက်ခံသူများကလည်း ဆော်ပေါ်လိုမြို့၏ အဓိကလမ်းမကြီးပေါ်တွင် စုဝေးအောင်ပွဲခံခဲ့ကြသည်။
ရွေးကောက်ပွဲရလဒ်ကို သက်ဆိုင်ရာအာဏာပိုင်များက အတည်ပြုပါက လူလာသည် သမ္မတအဖြစ် စတုတ္ထအကြိမ် တာဝန်ထမ်းဆောင်ခွင့် ရရှိမည်ဖြစ်ကာ ၎င်း၏သမ္မတသက်တမ်းသစ်ကို ၂၀၂၇ ခုနှစ် ၊ ဇန်နဝါရီ ၅ ရက်တွင် စတင်မည်။ အောက်တိုဘာအစောပိုင်းက ကျင်းပခဲ့သည့် ရွေးကောက်ပွဲပထမအကျော့တွင် ဘော်ဆိုနာရိုက လူလာထက် မဲ ၂ ဒသမ ၂ သန်းကျော် ပိုရခဲ့သည်။
Ref: AP
Photo: AP / AFP
#elevennews #ဘရာဇီးရွေးကောက်ပွဲ#လက်ရှိသမ္မတလူလာ #အနိုင်ရ