Eleven Media Group

■ တောင်ဥက္ကလာပမြို့နယ်ရှိ Vibe KTV ကို မူးယစ်အထူးအဖွဲ့ ဝင်ရောက်ဖမ်းဆီးစစ်ဆေး

■ မြို့နယ်တွဲဖက်တရားသူကြီးနှစ်ဦးနှင့် ဗိုလ်မှူးတစ်ဦး အပါအဝင် လူ ၃၀ ကျော်ဖမ်းဆီးခံရဟု သတင်းများ ထွက်ပေါ်နေ

တောင်ဥက္ကလာပမြို့နယ်ရှိ Vibe KTV ကို မူးယစ်အထူးအဖွဲ့ ဝင်ရောက်ဖမ်းဆီးစစ်ဆေးခဲ့ပြီး မြို့နယ်တွဲဖက်တရားသူကြီးနှစ်ဦးနှင့် ဗိုလ်မှူးတစ်ဦး အပါအဝင် လူ ၃၀ ကျော်ဖမ်းဆီးခံရဟု သတင်းများ ထွက်ပေါ်နေကြောင်း သိရသည်။

အောက်တိုဘာ ၂၅ ရက်က ရန်ကုန်တိုင်းဒေသကြီး တောင်ဥက္ကလာပမြို့နယ် ၈ ရပ်ကွက် စက်မှု ၆ လမ်းရှိ VIBE KTV & Entertainment ကို မူးယစ်ပူးပေါင်းအဖွဲ့က ဝင်ရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။

အဆိုပါ စစ်ဆေးမှုတွင် ဆိုင်အပေါ်ထပ် Gentlemen အခန်းတွင်းမှ အမျိုးသား ခုနစ်ဦး၊ အမျိုးသမီးခြောက်ဦးကို စိတ်ပြောင်းဆေးဝါး ကက်တမင်း ၁၂ ထုတ်၊Happy Water နှစ်ထုတ်ဖြင့်လည်းကောင်း၊ Tom&Jerry အခန်းတွင်းမှ အမျိုးသား လေးဦးအား ဆေးခြောက် နှစ်ထုတ်၊ Happy Water နှစ်ထုတ်၊ကက်တမင်းတစ်ထုတ်၊ အက်တစီဆေးပြားတစ်ပြားတို့ဖြင့်လည်းကောင်း၊ UFO အခန်းအတွင်းမှ အမျိုးသား ကိုးဦး၊ အမျိုးသမီး လေးဦးအား Happy Water ၁၀ ထုတ်၊ WY ဆေးပြား ၁၁၀ ပြားတို့ဖြင့်လည်းကောင်းဖမ်းဆီးရမိခဲ့သည်ဟု သိရသည်။

ဖြစ်စဥ်နှင့်ပတ်သက်ပြီး VIBE KTV & Entertainment ၏ ဆိုင်တာဝန်ခံများဖြစ်သော ကောင်းမြတ်ဖြိုး၊ ကျော်ကျော်မိုး၊ လက်ထောက်မန်နေဂျာ စောသာကြည်တို့အပါအဝင် ၃၃ ဦးကိုအမှုဖွင့်အရေးယူထားကြောင်း သိရသည်။

အဆိုပါ VIBE KTV & Entertainment ကို မူးယစ်အထူးအဖွဲ့က ဝင်ရောက်စစ်ဆေးခဲ့သည်မှာ မှန်ကန်ကြောင်း ရဲတပ်ဖွဲ့ အသိုင်းအဝိုင်းမှ သိရသည်။

ဖမ်းဆီးရမိသူလူ ၃၀ ကျော်အနက် အမျိုးသမီး တွဲဖက်မြို့နယ်တရားသူကြီးနှစ်ဦးနှင့် ဖြူးမြို့နယ် တပ်မတော်သားဖွားမီးယပ်နှင့် ကလေးဆေးရုံမှ ဗိူလ်မှူးအဆင့်ရှိသူတစ်ဦးတို့ ပါဝင်သည်ဟု တယ်လီဂရမ်ချန်နယ်အချို့တွင် ရေးသားဖော်ပြမှုများလည်း ရှိနေသည်။

အဆိုပါ အခြေအနေနှင့်ပတ်သက်ပြီး အတည်ပြုနိုင်ရန် ဆက်လက်စုံစမ်းလျက်ရှိပြီး ထပ်မံသိရှိရသည့်အချက်အလက်များကို ဆက်လက်ဖော်ပြသွားပါမည်။

လက်ရှိတွင် အဆိုပါ VIBE KTV & Entertainment ကိုပိတ်သိမ်းထားပြီး ဆိုင်းဘုတ်ကိုလည်း အနီရောင်ပိတ်စဖြင့် ကာထားသည်ကိုတွေ့ရသည်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ပြီးခဲ့သည့် ရက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ Bar များ၊ KTV များတွင် မူးယစ်ဆေးဝါး သုံးစွဲမှုများ မရှိစေရေးအတွက် လုပ်ငန်းရှင်များကို ခေါ်ယူတွေ့ဆုံခဲ့ပြီး ညွန်ကြားမှုများရှိခဲ့သည်။

မူရင်းသတင်း — Eleven Media Group