
အာဆင်နယ်နည်းပြ အာတေတာက ဖလိဝုဒ်အသင်းကို ရှုံးနိမ့်ပြီး လိဂ်ဖလားပြိုင်ပွဲမှ ထွက်ခဲ့ရခြင်းအတွက် အလွန်ဝမ်းနည်းစရာကောင်းသောနေ့ ဖြစ်သည်ဟု ပွဲအပြီးတွင် ပြောကြားခဲ့သည်။
အာဆင်နယ်အသင်းသည် လိဂ်ဖလားစတုတ္ထအဆင့်တွင် ဖလိဝုဒ်အသင်းနှင့် အဝေးကွင်းပွဲစဉ် ယှဉ်ပြိုင်ကစားခဲ့ရခြင်းဖြစ်ပြီး ပွဲချိန်အတွင်း (၁-၁)ဂိုးဖြင့် သရေကျခဲ့သည့်အတွက် ပယ်နယ်တီအဆုံးအဖြတ်ခံယူရာ (၃-၅)ဂိုးဖြင့် ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။
ပွဲချိန်(၈၅)မိနစ်တွင် လူငယ်ကစားသမား ဒေါမန်း အနီကတ်ပြထုတ်ပယ်ခံခဲ့ရသလို၊ နောက်ဆုံးပယ်နယ်တီအဆုံးအဖြတ်တွင် ဂီမာရေ့စ်၏ကန်ချက်ကို ဖလိဝုဒ်ဂိုးသမား ဂျေးလင့်ချ် ကာကွယ်နိုင်ခဲ့သည့်အတွက် အာဆင်နယ်အသင်း ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။
ဖလိဝုဒ်အသင်းမှာ League Two ကလပ်ဖြစ်ပြီး ယခုရာသီ လိဂ်ဖလားစတုတ္ထအဆင့်သို့ ရောက်ရှိလာသည့်အသင်းများအနက် အဆင့်အနိမ့်ဆုံးဖြစ်သည့်အတွက် အာဆင်နယ်အသင်းကို အနိုင်ရခဲ့ခြင်းမှာ ပြိုင်ပွဲသမိုင်းတစ်လျှောက် အံ့အားသင့်စရာအကောင်းဆုံး ရလဒ်များထဲမှတစ်ခုဖြစ်ကြောင်းလည်း မီဒီယာအချိုု့က ဖော်ပြခဲ့ကြသည်။
ပရီးမီးယားလိဂ်လက်ရှိချန်ပီယံအသင်းအနေဖြင့် လိဂ်ဖလားပြိုင်ပွဲတွင် League Two ကလပ်အသင်းကို ရှုံးနိမ့်ခဲ့ခြင်းမှာလည်း ပထမဆုံးအကြိမ်ဖြစ်ကြောင်း သိရသည်။
''ပထမဆုံးအနေနဲ့ နောက်တစ်ဆင့် တက်သွားနိုင်ခဲ့တဲ့ ဖလိဝုဒ်အသင်းကို ဂုဏ်ပြုပါတယ်။ သူတို့ရဲ့နည်းလမ်းအတိုင်း သူတို့ လုပ်ဆောင်သွားနိုင်ခဲ့ပါတယ်။ ကျွန်တော်တို့အတွက်တော့ အရမ်းဝမ်းနည်းစရာကောင်းတဲ့ နေ့တစ်နေ့ပါ။ ကစားသမားတွေကိုတော့ ဝေဖန်ပြစ်တင်စရာ မရှိပါဘူး။ ပွဲစကတည်းက ဘယ်လိုကစားခဲ့သလဲဆိုတာ မြင်နိုင်ပါတယ်။ တကယ်နုံချာတဲ့ဂိုးတစ်ဂိုး ပေးလိုက်ရပြီး ပြိုင်ဘက်ကို အရှိန်တင်ပေးလိုက်သလို ဖြစ်သွားခဲ့တာပါ'' ဟု အာတေတာက ပြောကြားခဲ့သည်။
အာဆင်နယ်အသင်းသည် ပြီးခဲ့သည့်ရာသီ လိဂ်ဖလားပြိုင်ပွဲတွင် ဗိုလ်လုပွဲရောက်ရှိခဲ့သော်လည်း ချန်ပီယံဆုနှင့် ဝေးကွာနေသည်မှာ နှစ်ပေါင်း (၃၃)နှစ် ရှိနေပြီဖြစ်ကြောင်း သိရသည်။