
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်အတွင်း သာသနာ့ဝန်ထမ်း ရဟန်း၊ သာမဏေ၊ သီလရှင်များ၏ သာသနာတော်ကို ထိခိုက်စေမည့် ပြုမူနေထိုင်မှုများကို တားမြစ်ကြပ်မတ်သွားမည်ဖြစ်ပြီး ပြစ်မှုမကင်းသော ကိစ္စရပ်များ တွေ့ရှိပါက ဝိနည်းတော်နှင့်အညီဖြစ်စေ၊ ဥပဒေကြောင်းအရဖြစ်စေ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပဲခူးမြို့နယ် ဂိုဏ်းပေါင်းစုံ သာသနာတော်ဆိုင်ရာ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့က အသိပေးနှိုးဆော်ထားကြောင်း သိရသည်။
ပဲခူးမြို့နယ်အတွင်း သာသနာတော် သန့်ရှင်းတည်တံ့ပြန့်ပွားရေးအတွက် ဖွဲ့စည်းထားသည့် အဆိုပါအဖွဲ့၏ လုပ်ငန်းစဉ်များကို သက်ဆိုင်ရာ ဆရာတော်များနှင့် အများပြည်သူ သိရှိနိုင်ရေး အသိပေးလျှောက်ထားထားခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါအဖွဲ့ကို နိုင်ငံတော်သံဃမဟာနာယကအဖွဲ့နှင့် ပြည်ထောင်စုသာသနာရေးဝန်ကြီးဌာနတို့၏ လမ်းညွှန်ချက်များနှင့်အညီ တိုင်းဒေသကြီး သံဃနာယကအဖွဲ့၏ ဩဝါဒခံယူကာ သံဃာတော်များနှင့် တာဝန်ရှိသူများ ညှိနှိုင်းဆွေးနွေး၍ လုပ်ငန်းစဉ်များ ရေးဆွဲခဲ့ကြောင်း သိရသည်။ အဖွဲ့၏ စည်းကမ်းထိန်းသိမ်းရေးလုပ်ငန်းစဉ်များတွင် သာသနာ့ဝန်ထမ်းများ၏ ပြုမူနေထိုင်မှုများကို ကြပ်မတ်ခြင်း၊ ဆွမ်းခံကြွရောက်ရာတွင် မွန်းတည့်မီအချိန်အတွင်းသာ ကြွရောက်စေခြင်း၊ သာရုပ္ပပျက်ယွင်းမှု မရှိစေရေးနှင့် အရိယယာစနာအဆင့်မှ ယာစကယာစနာအဆင့်သို့ ကျရောက်မှုမရှိစေရေး ကြပ်မတ်ခြင်းတို့ ပါဝင်ကြောင်း သိရသည်။
ထို့ပြင် ဓမ္မာရုံများ၊ ဆွမ်းလောင်းအသင်းများ၊ တရားပွဲကျင်းပရေးကိစ္စများနှင့် နယ်ကျော်အလှူခံမှုများကို သက်ဆိုင်ရာ နယ်မြေခံ သံဃနာယကအဖွဲ့နှင့် အုပ်ချုပ်ရေးမှူးတို့ထံ ကြိုတင်အသိပေးကာ စိစစ်ဆောင်ရွက်စေမည်ဖြစ်ပြီး ကျော်စောသတင်းထွက်ပေါ်နေသူများကိုလည်း စိစစ်အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။ အလားတူ သံဃာတော်များ မော်တော်ယာဉ်နှင့် ဆိုင်ကယ် ကိုယ်တိုင်မောင်းနှင်မှုများကို သံဃာ့အဖွဲ့အစည်း၏ ညွှန်ကြားချက်များနှင့်အညီ ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ယင်းအပြင် မြို့နယ်အတွင်း အဖွဲ့ပေါင်းစုံဖြင့် လှည့်လည်စစ်ဆေးခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ပြီး ထူးခြားဖြစ်စဉ်များ တွေ့ရှိပါကလည်း သက်ဆိုင်ရာသို့ မပျက်မကွက် ပြန်လည်တင်ပြသွားမည်ဖြစ်ကြောင်း သိရသည်။