Eleven Media Group

မော်လမြိုင်မြို့ လူစည်ကားရာနေရာများတွင် သာမဏသာရုပ္ပမဖြစ်သော ရဟန်း၊ သာမ‌ဏေ၊ သီလရှင်၊ အလှူခံအဖွဲ့များကို‌ စစ်ဆေးအရေးယူမည်

မော်လမြိုင်မြို့တွင် ရပ်ကွက်များအတွင်းရှိ ဈေး၊ လမ်းနှင့် လူစည်ကားရာ‌နေရာများ၌ သာမဏသာရုပ္ပ (ရဟန်းသာမဏေတို့၏ လျောက်ပတ်သော အကျင့်သိက္ခာနှင့် အမူအရာ) မဖြစ်သော ရဟန်း၊ သာမ‌ဏေ၊ သီလရှင်၊ အလှူခံအဖွဲ့များကို‌ တွေ့ရှိပါက စိစစ်အရေးယူသွားမည်ဟု‌ မော်လမြိုင်မြို့နယ် (ဂိုဏ်း‌ပေါင်းစုံ) သံဃာစည်းကမ်းထိန်းသိမ်းရေးအဖွဲ့က ကြေညာချက်ထုတ်ပြန်ထား‌ကြောင်း သိရသည်။

ရဟန်း၊ သာမ‌ဏေ၊ သီလရှင်များကိုယ်တိုင် ကား၊ ဆိုင်ကယ်‌‌မောင်းခြင်း၊ စက်ဘီးစီးခြင်း၊ ဆိုင်ကယ်ဘေးတွဲမောင်းနှင်ခြင်းနှင့် အလှူခံခြင်းများကို စစ်‌ဆေးအရေးယူသွားမည်ဟု စည်းကမ်းထိန်းသိမ်းရေးအဖွဲ့၏ ကြေညာချက်တွင် ဖော်ပြထားသည်။

အရက်သေစာသောက်စားခြင်း၊ မူးယစ်ရမ်းကားခြင်း၊ စားသောက်ဆိုင်များ၌‌ နေ့လွဲညစာစားသုံးနေသော ရဟန်း၊ သာမ‌ဏေ၊ သီလရှင်များကို တွေ့ရှိပါကလည်း စစ်ဆေးအရေးယူမည်ဟု ကြေညာချက်တွင် ပါရှိသည်။
ထို့ပြင် သံဃာမှတ်ပုံတင်မရှိ၊ ဥပဇ္ဇျာယ်ဆရာမရှိ၊‌ ကျောင်းတိုက်တွင်လည်းမနေဘဲ လူနေအိမ်များတွင် သာမန်လူများနှင့်အတူ တစ်အိမ်တည်းနေ၍ အလှူခံစားသောက်နေသော ရဟန်း၊ သာမ‌ဏေ၊ သီလရှင်များကိုလည်း တွေ့ရှိပါက စစ်ဆေးအရေးယူသွားမည်ဟု စည်းကမ်းထိန်းသိမ်းရေးအဖွဲ့၏ ကြေညာချက်တွင် ဖော်ပြထားသည်။

နိုင်ငံတော်သံဃမဟာနာယကအဖွဲ့က ထုတ်ပြန်ထားသည့် ညွန်ကြားလွှာများနှင့် နိုင်ငံတော်အစိုးရက ထုတ်ပြန်ထားသော စည်းကမ်းဥပဒေများကို မလိုက်နာသော ရဟန်း၊ သာမ‌ဏေ၊ သီလရှင်များကိုလည်း စစ်ဆေးအရေးယူသွားမည်ဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

အလားတူ Facebook၊ TikTok စသော Online လူမှုကွန်ရက်အင်တာနက်စာမျက်နှာများတွင် သမဏသာရုပ္ပမဖြစ်သည့် ကိစ္စရပ်ဖြစ်စဉ်များ၊ သာသနာတော်၏ဂုဏ်သိက္ခာ မှေးမှိန်မှုဖြစ်စေသည့် ကိစ္စရပ်ဖြစ်စဉ်များ၊ သာသနာတော်နှင့် မသင့်တော်၊ မအပ်စပ်သော ကိစ္စရပ်ဖြစ်စဉ်များကို ပြုမူခြင်း၊ လွှင့်တင်ခြင်း၊ Live လွှင့်တင်ခြင်းများ၊ Share မျှဝေခြင်းများ၊ ဇာတ်၊ အငြိမ့်၊ ပွဲ၊ ရုပ်သေး၊ ရုပ်ရှင်၊ ဆပ်ကပ်၊ လက်ဝှေ့၊ တီးဝိုင်း၊ ဘောလုံးပွဲစသော ပွဲလမ်းသဘင်များကို သွားရောက်ကြည့်ရှုခြင်း၊ သီဆိုခြင်း၊ တီးမှုတ်ခြင်း၊ ကခုန်ခြင်းများ၊ လောင်းကစားမှုကို ကိုယ်တိုင်ပါဝင်လောင်းကစားခြင်း၊ လောင်းကစားဝိုင်းအနီး နေထိုင်ကြည့်ရှုခြင်းများ၊ တရားမဝင်မှောင်ခိုပစ္စည်းများ လက်ဝယ်ထားရှိခြင်း၊ ရောင်းဝယ်ခြင်း၊ နိုင်ငံတော်က တားမြစ်ထားသော ကုန်ပစ္စည်းများကို ကိုယ်တိုင်ရောင်းဝယ်၊ သယ်ဆောင်၊ လက်ခံ၊ သိုလှောင်ခြင်းမပြုလုပ်ရန် စသည့် စည်းကမ်းသတ်မှတ်ချက် ၁၉ ချက်ပါဝင်သော ကြေညာချက်ကို ပြီးခဲ့သည့် အောက်တိုဘာ ၂၅ ရက်က ကျိုက်မရောမြို့နယ် သံဃာစည်းကမ်းထိန်းသိမ်းရေးအဖွဲ့က ထုတ်ပြန်ထားသည်။

မူရင်းသတင်း — Eleven Media Group