
Toyota သည် Top Gear ၏ အမှတ်ရဖွယ်အကောင်းဆုံး စမ်းသပ်ချက်တစ်ခုကို လုပ်ဆောင်ခဲ့ရာ ကားအိမ်တစ်စင်းကို ၎င်း၏ အသစ်ထုတ်လုပ်ထားသော လျှပ်စစ် Hilux ပေါ်သို့ လေထဲမှ ပစ်ချခဲ့ကာ Hilux ၏ ကြံ့ခိုင်မှုကို စမ်းသပ်ခဲ့သည်။
ဂျရမီ ကလာ့ခ်ဆန်က ၂၀၀၃ ခုနှစ်အတွင်း သူ၏ Top Gear ရုပ်သံအစီအစဉ်တွင် Hilux ၏ ကြံ့ခိုင်မှုကို အမျိုးမျိုး အဖုံဖုံ စမ်းသပ်ပြခဲ့ဖူးသည်။
ကလာ့ခ်ဆန်က Hilux ကို အမျိုးမျိုး ဖျက်ဆီး စမ်းသပ်ခဲ့သော်လည်း Hilux မှာ ဖျက်ဆီးမှု အမျိုးမျိုးကို ကြံ့ကြံ့ခံကာ နောက်ဆုံးအခြေအနေထိ မောင်းနှင်၍ ရနေဆဲပင်။
ထိုစမ်းသပ်ချက်အပြီး နှစ်ပေါင်း ၂၀ ကျော်အကြာ ယနေ့အခါတွင် Toyota က ကလာ့ခ်ဆန် စတင်ခဲ့သည်ကို အဆုံးသတ်ပေးရန် ကြိုးစားလာခြင်းလည်း ဖြစ်သည်။
မော်တော်ကားနှင့် စပ်လျဉ်းသော ရုပ်သံအစီအစဉ်များအနက် အထင်ကရအရှိဆုံးဖြစ်သော Top Gear အစီအစဉ်တွင် အမှတ်ရဖွယ် များစွာရှိခဲ့သည်။
ဘိုလိဗီးယားရှိ သေမင်းတမန်လမ်းတွင် ကလာ့ခ်ဆန် ကားမောင်းပြခဲ့စဉ်က ရုပ်သံပရိသတ်တို့ ရင်တမမ ဖြစ်ခဲ့ရသကဲ့သို့ အာဂျင်တီးနားတွင်လည်း ကလာ့ခ်ဆန်အသုံးပြုခဲ့သော ကားနံပါတ်ကြောင့် အကြီးအကျယ် ပြဿနာတက်ကာ လေဆိပ်သို့ ကားမောင်းကာ အာဂျင်တီးနားမှ ထွက်ပြေးခဲ့ရဖူးသည်။

(ဓာတ်ပုံ-BBC)
ယခုအခါ Top Gear က တိုယိုတာ ဟိုင်းလတ် လျှပ်စစ်ကားပေါ်သို့ ကားအိမ်တစ်စင်း လွှတ်ချကာ ကြံ့ခိုင်မှုကို စမ်းသပ်လာသည်။

(ဓာတ်ပုံ-BBC)
ကလာ့ခ်ဆန်သည် ၂၀၀၃ ခုနှစ်၊ နိုဝင်ဘာ ၂၃ ရက်က ၁၉၈၀ ပြည့်လွန်မော်ဒယ် ဒီဇယ် ဟိုင်းလတ်တစ်စင်းကို အမျိုးမျိုးအဖုံဖုံ ဖျက်ဆီးစမ်းသပ်မှုများလုပ်ကာ ကြံ့ခိုင်မှုကို စမ်းခဲ့ဖူးသည်။
သစ်ပင်တစ်ပင်ဖြင့် ဝင်တိုက်၏။ အဆောက်အအုံတစ်ခုဖြင့် ဝင်တိုက်၏။ ပင်လယ်ထဲတွင် ချထား၏။ ကားဖျက်သည့် သံလုံးကြီးဖြင့် ထုချေ၏။ မီးတင်ရှို့၏။ ထိုသို့ အမျိုးမျိုးအဖုံဖုံ ဖျက်ဆီးစမ်းသပ်သော်လည်း ဟိုင်းလတ်မှာ မောင်းနှင်၍ ရနေဆဲပင်။

(ဓာတ်ပုံ-BBC)
ယခု လျှပ်စစ်ကားခေတ်သို့ ရောက်သောအခါ တိုယိုတာက အဆိုပါ စမ်းသပ်မှုမျိုး ပြန်လည်လုပ်ဆောင် ကြည့်ရန် ဆုံးဖြတ်ခဲ့သည်။
သို့ဖြင့် Reddit လူမှုကွန်ရက်တွင် တိုယိုတာက ၎င်း၏ လျှပ်စစ် ဟိုင်းလတ်ကားကို မည်သို့ စမ်းကြည့်ရမည်နည်းဟု လူမှုကွန်ရက်သုံးစွဲသူတို့ကို သဘောထားတောင်းခံခဲ့သည်။

(ဓာတ်ပုံ-Toyota)
ကားဖျက်သည့် သံလုံးဖြင့် ထုရိုက်ခြင်း၊ ကားအိမ်တစ်စင်း အပေါ်မှ ပစ်ချခြင်း အစရှိသည့် နည်းလမ်းများ ရွေးချယ်ပေးရန် သဘောထားတောင်းခဲ့သည်။
ထိုအခါ အများစုက ဟိုင်းလတ်ပေါ်သို့ ကားအိမ်ပစ်ချ စမ်းသပ်ရန် အကြံပြုကြသည်။
ယခုစမ်းသပ်ချက်ကို အင်္ဂလန်နိုင်ငံ၊ ဆပ်ဖို့ဒ်ခရိုင်ရှိ Bentwaters လေယာဉ်ကွင်းတွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
အလေးချိန် ၁၆၇၅ ပေါင်လေးသော ကားအိမ်ကို အမြင့် ပေ ၃၀ သို့ မ,ချီ ပင့်မြှောက်လိုက်ပြီး လျှပ်စစ် ဟိုင်းလတ်ကားပေါ်သို့ ပစ်ချခဲ့ခြင်းဖြစ်သည်။
(ဓာတ်ပုံ-Toyota)
ကားအိမ်ပစ်ချအပြီးတွင် ဟိုင်းလတ်ကို စစ်ဆေးကြည့်ရာ ကိုယ်ထည် အနည်းငယ်ပျက်စီးသွားသည်မှလွဲပြီး ကားမှာ မောင်းနှင်၍ ရနေဆဲဖြစ်ကြောင်း တွေ့ရသည်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: Toyota drops a caravan on an electric Hilux in a classic Top Gear throwback to see if the EV can survive (supercarblondie)