CarsDB

ဂျပန်ဈေးကွက်တွင် ပထမဆုံး ရောင်းချနေသော BYD Racco Kei EV ကို သီရိလင်္ကာနှင့် မကာအိုတို့တွင် ဆက်လက်ဖြန့်ချိရန် စီစဉ်

BYD သည် ၎င်း၏ အသေးစား လျှပ်စစ်ကားဖြစ်သော Racco EV ကို ဂျပန်ဈေးကွက်တွင် ပထမဆုံး မိတ်ဆက်ရောင်းချပေးခဲ့ပြီးနောက် ယခုအခါ သီရိလင်္ကာနှင့် မကာအိုတို့တွင် ဆက်လက်ရောင်းချပေးရန် စီစဉ်နေသည်။

မကာအိုတွင် အမှာစာများ လက်ခံနေပြီဖြစ်ပြီး သီရိလင်္ကာတွင် အောက်တိုဘာ ၉ ရက်၌ တရားဝင် စတင်ရောင်းချမည် ဖြစ်သည်။

Racco EV သည် ဂျပန်ဈေးကွက်အတွက် သီးသန့် ထုတ်လုပ်ထားသော BYD ၏ ပထမဆုံးကားဖြစ်ပြီး မောင်းနိုင်မည့် range မှာ ကီလို ၃၀၀ ဖြစ်သည်။

ဂျပန်တွင် စတင်မိတ်ဆက်ပြီး ရက်သတ္တ ၂ ပတ်အတွင်း အစင်းရေ ၁၀၀၀ ကျော် အမှာစာ ရရှိခဲ့သည်။

တရုတ် နည်းပညာ သတင်းဌာနဖြစ်သော IT Home ၏ ဖော်ပြချက်အရ ဂျပန်နိုင်ငံ၊ ကနဂဝ ခရိုင်၊ ဟိရတ်ဆုကမြို့ရှိ အရောင်းစင်တာတစ်ခုတွင် BYD က ယခုကဲ့သို့ ဈေးကွက်ချဲ့ထွင်မည့်အကြောင်း ကြေညာခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ဂျပန်ဈေးကွက်သို့ ဝင်ရောက်ခဲ့ပြီးနောက် အစင်းရေ ၁၀,၀၀၀ ရောင်းချရပြီးနောက်ပိုင်း အခြားဈေးကွက်များသို့ ဆက်လက်ချဲ့ထွင်ရန် စီစဉ်ခဲ့ခြင်းလည်း ဖြစ်သည်။

((မှတ်ချက်။ ဂျပန်တွင် အသေးစား၊ အပေါ့စားကားငယ် (Kei car- အရှည်ကောက်မှာ Kei Jidosha ဖြစ်ပြီး အပေါ့စားကားဟု အဓိပ္ပာယ်ရ) များ အလွန်ကျော်ကြားပြီး ကားသစ်များ ရောင်းအားတွင် Kei car တို့မှာ တတိယ အရောင်းရဆုံးနေရာတွင် ရပ်တည်နေသည်။ Kei car အတန်းအစားအတွက် စည်းမျဉ်း သတ်မှတ်ချက်များရှိရာ အလျား ၁၁ ပေကျော်ကျော်၊ ဗျက် ၅ ပေနီးပါး၊ အမြင့် ၆ ပေခွဲခန့်၊ အင်ဂျင် 660 cc နှင့် အထွက်အား 64 hp သာ ရှိရမည်ဟု သတ်မှတ်ထားသည်။ Kei car များမှာ အကောက်ခွန်နှုန်း နည်းပါးပြီး အဝေးပြေးလမ်းမများပေါ်တွင် toll gate ငွေပေးဆောင်ရမှုမှာလည်း အလွန်သက်သာသည်။)

Racco EV မှာ ဂျပန်၏ Kei car စံချိန်စံညွှန်းများနှင့် ကိုက်ညီစေရန် ထုတ်လုပ်ထားခြင်းဖြစ်သည်။

(BYD Racco ။ ဓာတ်ပုံ Credit: BYD)

BYD ၏ ပြောရေးဆိုခွင့်ရသူတို့က ပြောသည်မှာ BYD သည် ဂျပန်၏ ပြင်ပတွင် Racco EV ဝယ်လိုအား မည်မျှရှိသည်ကို သုံးသပ်တွက်ချက်နေပြီး ညာမောင်းဈေးကွက်များတွင် ဦးစားပေး ရောင်းချသွားမည်ဟု ဆိုသည်။

BYD Racco EV ကို ဆက်လက်ရောင်းချဖွယ်ရှိသည့် အခြားဈေးကွက်များမှာ ဗြိတိန်နှင့် ဟောင်ကောင်တို့ ဖြစ်သည်။

BYD Racco ၏ အရွယ်အစားမှာ 3395/1475/1800 mm ဖြစ်ပြီး wheelbase မှာ 2,520 mm ဖြစ်သည်။

Kei car စံနှုန်းသတ်မှတ်ချက်ကြောင့် ယခုကား၏ မော်တာ အထွက်အားမှာ 47 kW (63 hp) သာ ရှိသည်။

ဘက်ထရီ ၂ မျိုးလာပြီး 22.4 နှင့် 35.84 kWh LFP ဟု ဖြစ်ကာ မောင်းနိုင်မည့် range မှာ ကီလို ၂၁၀ နှင့် ကီလို ၃၂၀ အသီးသီး ဖြစ်သည်။

အနိမ့်ဆုံးဈေးမှာ ယန်း ၂ ဒသမ ၁ သန်း (ဒေါ်လာ ၁၃၆၀၀ ) မှ စသည်။

(Nissan Sakura နှင့် Mitsubishi eK X EV တို့ကို တွေ့ရပုံ။ ဓာတ်ပုံ Credit: Nissan, Mitsubishi)

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref: BYD’s Racco Kei EV jumps out of Japan, prepares for launch in Sri Lanka and Macau (carnewschina)

မူရင်းသတင်း — CarsDB