CarsDB

ဘီလျံနာသူဌေးကြီးက ဒေါ်လာ ၃၅၀,၀၀၀ တန် ၂၀၂၆ မော်ဒယ် Range Rover လက်ဆောင်ပေးတာကို ငြင်းပယ်လိုက်တဲ့ ရှေ့နေ

ဇင်ဘာဘွေနိုင်ငံ၏ နာမည်ကြီးရှေ့နေများတွင် တစ်ဦးအပါအဝင်ဖြစ်သူသည် ဘီလျံနာသူဌေးကြီး ဝစ်ခ်နဲလ် ချီဗာယိုက ပေးအပ်လာသည့် ဇင်ဘာဘွေငွေ ၄၅ သန်း (ဒေါ်လာ ၃၅၀၀၀၀) တန် လက်ဆောင်များကို ငြင်းပယ်လိုက်သည်။

ရှေ့နေတစ်ဦး၏ ကျင့်ဝတ်နှင့် ဂုဏ်သိက္ခာကြောင့် ယခုကဲ့သို့ ငြင်းပယ်လိုက်ခြင်းဖြစ်ကြောင်းလည်း ၎င်းက ပြောသည်။

(ရှေ့နေ လူးဝစ် ယူရီရီက သူဌေးကြီး ချီဗာယို ပေးလာသော ၄၅ သန်းဖိုးရှိ လက်ဆောင်များကို ငြင်းပယ်ခဲ့သည်။ ဓာတ်ပုံ Credit-Lewis Uriri)

သူဌေးကြီး ချီဗာယိုက ရှေ့နေကြီးကို လက်ဆောင်ပေးရန် ရည်ရွယ်ခဲ့သည်များမှာ ဇင်ဘာဘွေငွေ ၃၂ သန်းကျော် တန်ကြေးရှိ ၂၀၂၆ မော်ဒယ် Range Rover Sport Autobiography ကားသစ်တစ်စင်း၊ ကားအတွက် ဆီဖိုးအဖြစ် ငွေသား ၆ ဒသမ ၄၅ သန်းအပြင် ရှေ့နေကြီး၏ ဇနီးအတွက် ငွေသား ၆ ဒသမ ၄၅ သန်း တို့ ပါဝင်သည်။
ရှေ့နေ ယူရီရီ၏ ဇနီးမှာလည်း ရှေ့နေတစ်ဦးပင် ဖြစ်သည်။

((ရှေ့နေ ယူရီရီက သူဌေးကြီးရဲ့ လက်ဆောင်ကို ဘာကြောင့်ငြင်းခဲ့တာလဲ))

ရှေ့နေ ယူရီရီက သူဌေးကြီး၏ လက်ဆောင်ကို ကျေးဇူးတင်သော်လည်း လက်မခံနိုင်ကြောင်း စက်တင်ဘာ ၂၁ ရက်တွင် Facebook ၌ ရေးသားတုံ့ပြန်ခဲ့သည်။

ရှေ့နေ ယူရီရီက လက်မခံခြင်း၏ အကြောင်းရင်းကို ပြောပြရာတွင် မိမိတိုပ အဆက်အသွယ် မရှိခဲ့သည်မှာ ၂၀၂၄ ခုနှစ်၊ ဇွန်လကတည်းကဖြစ်ကြောင်း၊ ယင်းနောက်ပိုင်းကတည်းက မိမိတို့အကြား အလုပ်ကိစ္စ ဆက်နွှယ်မှု မရှိခဲ့ကြောင်း၊ သူဌေးကြီး ချီဗာယို အပ်နှံခဲ့ဖူးသော ဥပဒေကိစ္စအတွက်လည်း ဝန်ဆောင်ခ အပြည့်အဝ ရရှိထားပြီးဖြစ်ကြောင်း သူ၏ တုံ့ပြန်ချက်တွင် ဖော်ပြသည်။

သူဌေးကြီး ချီဗာယိုသည် ရှေ့နေ ယူရီရီကို လက်ဆောင်ပေးမည့်ကိစ္စကို တိုက်ရိုက်ဆက်သွယ် ပြောကြားခဲ့ခြင်း မဟုတ်ဘဲ လူသိရှင်ကြား ကြေညာခဲ့ခြင်း ဖြစ်သည်။

“ကျွန်တော့်ကို ကြိုတင်အသိပေးအကြောင်းကြား၊ ဆွေးနွေးတိုင်ပင်မှု မရှိဘဲ လူကြီးမင်းရဲ့ ထုတ်ပြန်ခဲ့မှုဟာ တကယ်အံ့အားသင့်ရပါတယ်” ဟု ယူရီရီက Facebook တွင် ရေးသားဖော်ပြသည်။

ယူရီရီက ယခုလက်ဆောင်ကို ငြင်းပယ်ရခြင်းမှာ ဇင်ဘာဘွေ ရှေ့နေများ လိုက်နာဆောင်ရွက်ရမည့် ကျင့်ဝတ်စည်းမျဉ်းများအရဖြစ်ကြောင်းလည်း ထောက်ပြသည်။

ဇင်ဘာဘွေတွင် ရှေ့နေတို့သည် မိမိတို့၏ ဂုဏ်သိက္ခာကို ထိန်းသိမ်းရမည်ဖြစ်ပြီး လုပ်ငန်းဆောင်ရွက်မှု လွတ်လပ်ခွင့်ရှိရေး ထိန်းသိမ်းရမည်ဖြစ်သည့်အပြင် ဥပဒေဝန်ဆောင်မှုအပေါ် အများပြည်သူ ယုံကြည်ကိုးစားမှု ရှိစေရန် ထိန်းသိမ်းရမည်ဟု ပြဌာန်းထားသည်။

“ကျေးဇူးပြုပြီး ကျွန်တော်တို့ရဲ့ ဆုံးဖြတ်ချက်ကို လေးစားသမှုနဲ့ လက်ခံပေးပါ။ ကျွန်တော်တို့ လုပ်ဆောင်ပေးခဲ့တဲ့ ဝန်ဆောင်မှုအပေါ် လူကြီးမင်းရဲ့ အသိအမှတ်ပြုမှု၊ ရက်ရောမှုတွေအတွက် ကျွန်တော်တို့ ကျေးဇူးတင်ရပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ရဲ့ ဆုံးဖြတ်ချက်က ခိုင်မာပါတယ်။ ကားကိုရော ငွေသားလက်ဆောင်ကိုရော လက်ခံမှာ မဟုတ်ပါဘူး။ လူကြီးမင်း ကျန်းမာရွှင်လန်းဖို့ ဆုတောင်းပေးပါတယ်။ ကျွန်တော်တို့ရဲ့ ရပ်တည်ချက်ကို လေးစားနားလည်မယ်လို့ မျှော်လင့်ပါတယ်” ဟု ရှေ့နေ ယူရီရီက ရေးသားဖော်ပြထားသည်။

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref: Prominent Lawyer Lewis Uriri Rejects 2026 Range Rover, KSh 6.5m from Billionaire (tuko)

မူရင်းသတင်း — CarsDB