
မလေးရှား တစ်နိုင်ငံလုံးရှိ တက္ကစီ၊ အငှားကားနှင့် ကျောင်းကားမောင်းသူများသည် ယနေ့ အောက်တိုဘာလ ၁၄ ရက် (ဗုဒ္ဓဟူးနေ့) မှစပြီး ရင်းဂစ် ၁၀၀၀ တစ်ကြိမ်တည်း ငွေကြေးထောက်ပံ့မှု ရရှိမည်ဖြစ်ပြီး ငွေပေးချေမှုများကို တနိုင်ငံလုံးတွင် အဆင့်လိုက် လုပ်ဆောင်သွားမည်ဟု ဆိုသည်။
မလေးရှား သယ်ယူပို့ဆောင်ရေးဝန်ကြီး အန်သိုနီ လိုကီက ယခုငွေကြေးထောက်ပံ့မှုသည် တက္ကစီနှင့် အငှားကားမောင်းသူ ၃၈,၀၀၀ နှင့် ကျောင်းကားမောင်းသူ ၁၅,၀၀၀ အပါအဝင် သယ်ယူပို့ဆောင်ရေး လုပ်ကိုင်သူ ၅၃,၀၀၀ ခန့်အတွက် အကျိုးရှိမည်ဟု ပြောကြားသည်။
ပထမအသုတ်သည် ငွေထောက်ပံ့မှုဘောင်ချာများကို ပူထရာဂျာယာရှိ သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာနတွင် ယနေ့ တိုက်ရိုက်ထုတ်ယူရမည်ဖြစ်ပြီး နောက်ဆက်တွဲအသုတ်များကို ဆက်လက်လုပ်ဆောင်သွားမည် ဖြစ်ကြောင်း New Straits Times သတင်းစာ က ဖော်ပြသည်။
ဝန်ကြီးချုပ် ဒါတွတ် ဆရီ အန်ဝါ အီဘရာဟင်၏ ညွှန်ကြားချက်နှင့်အညီ ဟိန္ဒူယာဉ်မောင်းများသည် ဒီပါဝလီမတိုင်မီ ငွေကြေးထောက်ပံ့မှု အကူအညီရရှိစေရန် ရည်ရွယ်ကြောင်း ဝန်ကြီး လိုကီက ပြောကြားသည်။
ယခုငွေထောက်ပံ့မှုကို Belanjawan 2027 (၂၀၂၇ ဘတ်ဂျက်) အရ ပေးအပ်ခြင်းဖြစ်သည်။
အဆိုပါဘတ်ဂျက်ကို လွှတ်တော်က အတည်မပြုသေးသော်လည်း ငွေထုတ်ပေးခွင့်ရှိနေသည်။
((ဒီငွေတွေ ဘယ်ကလာလဲ))
ယခု ငွေထောက်ပံ့မှုကို အထူး H နံပါတ်ပြားများ လေလံတင်ရောင်းချရာမှ ရရှိလာသည့် ရင်းဂစ် ၉၁ သန်းဖြင့် ပေးအပ်ခြင်းဖြစ်သည်။
H နံပါတ်ပြားများကို လေလံတင်ရာတွင် လူပေါင်း ၃၀၀၀၀ ကျော် ပါဝင်လေလံဆွဲခဲ့ပြီး ဈေးအမြင့်မားဆုံးအဖြစ် အပြိုင်အဆိုင်ပြင်းထန်ခဲ့သည့် နံပါတ်ပြားမှာ H1 ဖြစ်ကာ ရင်းဂစ် ၁၀,၇၇၇,၇၇၇ ရရှိခဲ့သည်ဟု ဆိုသည်။
ဝန်ကြီးလိုကီက ကုန်းလမ်းသယ်ယူပို့ဆောင်ရေးဥပဒေများ ပြင်ဆင်မည်ဟု ပြောကြားထားသည်။
အရက်သေစာနှင့် မူးယစ်ဆေးသုံးစွဲကာ ယာဉ်မောင်းသူတို့ကြောင့် ထိခိုက်ရသူများသည် အဆိုပါ ယာဉ်မောင်းများထံမှ လျော်ကြေးရရှိရန် ပြဌာန်းမည်ဟု ဆိုသည်။
ထိုဥပဒေကြမ်းကို လာမည့် ၂၀၂၇ ခုနှစ်အစောပိုင်းတွင် လွှတ်တော်တွင် တင်သွင်းမည်ဟု မျှော်လင့်ရသည်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: Taxi, Hire Car & School Bus Drivers To Receive One-Off RM1,000 From Tomorrow (says)