CarsDB

အမေရိကန်တွင် ၂၀၂၆ တတိယ ၃ လပတ်အတွင်း EV အစင်းရေ ၂၆၆၆၃၀ အထိ ရောင်းချခဲ့ရ

ဈေးကွက်သုတေသနကုမ္ပဏီ Cox Automotive ၏ ဖော်ပြချက်အရ အမေရိကန်တွင် ၂၀၂၆ ခုနှစ် တတိယ ၃ လပတ်အတွင်း EV ရောင်းအား အစင်းရေ ၂၆၆၆၃၀ ရှိခဲ့သည်ဟု ဆိုသည်။

ထိုပမာဏမှာ ယခင် ၃ လပတ်ထက် ရောင်းအား ၇ ဒသမ ၇ ရာခိုင်နှုန်း မြင့်တက်လာခြင်းဖြစ်ကြောင်း သိရသည်။

ထို့အပြင် ၂၀၂၅ ခုနှစ်၊ တတိယ ၃ လပတ်နောက်ပိုင်း ရောင်းအားအမြင့်မားဆုံး ၃ လပတ်ကာလလည်း ဖြစ်ခဲ့သည်။

၂၀၂၅ ခုနှစ်၊ စက်တင်ဘာအထိ EV ဝယ်ယူသူများကို အစိုးရက ဒေါ်လာ ၇၅၀၀ အခွန်သက်သာခွင့်ပေးခဲ့ရာ ထိုကာလမတိုင်မီအထိ EV ဝယ်လိုအား အလွန်အားကောင်းခဲ့သည်။

၂၀၂၆ တတိယ ၃ လပတ်အတွင်း EV ရောင်းချရမှုမှာ စုစုပေါင်း ရောင်းချခဲ့သည့် ကားသစ်ပမာဏ၏ ၆ ဒသမ ၅ ရာခိုင်နှုန်းရှိခဲ့ရာ ဒုတိယပတ် ရာခိုင်နှုန်း ၅ ဒသမ ၈ ရာခိုင်နှုန်းထက် မြင့်တက်လာသည်။

Cox Automotive မှ ဒါရိုက်တာတစ်ဦးဖြစ်သူ Stephanie Valdez Streaty ၏ ပြောကြားချက်အရ အစိုးရ၏ အခွန်သက်သာခွင့် ပြီးဆုံးသွားပြီးနောက်ပိုင်း ဝယ်လိုအား အပြောင်းအလဲများ ဖြစ်ပေါ်ခဲ့ကြောင်း ပြောသည်။

ယခုနှစ် ဇန်နဝါရီမှ စက်တင်ဘာအထိ EV ရောင်းချရမှုတွင် Tesla က ထိပ်ဆုံးမှ ဦးဆောင်နေသည်။

Model Y မှာ အရောင်းရဆုံး EV ဖြစ်ခဲ့ပြိး အစင်းရေ ၂၆၂၄၉၁ ရောင်းချခဲ့ရကာ ဈေးကွက်ဝေစု ၃၆ ရာခိုင်နှုန်း ရရှိထားသည်။

ဒုတိယနေရာတွင် Model 3 ရပ်တည်နေပြီး ရောင်းချခဲ့ရသည့်အစင်းရေပမာဏ ၁၀၆၉၆၂ ဖြစ်ကာ ဈေးကွက်ဝေစုမှာ ၁၄ ဒသမ ၇ ရာခိုင်နှုန်း ဖြစ်သည်။

Tesla မဟုတ်သော ကားများအနက် အရောင်းရဆုံးမှာ Hyundai Motor ထုတ် Ioniq 5 ဖြစ်သည်။

၎င်း၏ ရောင်းအားမှာ အစင်းရေ ၃၁၁၁၂ ရှိခဲ့ပြီး တတိယ နေရာတွင် ရပ်တည်နေသည်။
စတုတ္ထနေရာတွင် Toyota ၏ bZ ရှိနေပြီး ရောင်းချရသည့်ပမာဏမှာ အစင်းရေ ၂၄၉၄၄ ဖြစ်သည်။

ထိပ်တန်း ၁၀ နေရာအနက် ပဉ္စမမှ ဒသမအထိ ရပ်တည်နေသော အခြားကားမော်ဒယ်များမှာ Chevrolet Equinox EV (၁၈၁၅၄ စင်း)၊ Rivian R1S (၁၇၂၅၉ စင်း)၊ Ford Mustang Mach-E (၁၇၂၀၆ စင်း)၊ Rivian EDV၊ Honda Prologue နှင့် Kia EV9 တို့ ဖြစ်ကြသည်။

တတိယ ၃ လပတ်အတွင်း ကားအမှတ်တံဆိပ်အလိုက် ရောင်းအားတိုးတက်မှု ရာခိုင်နှုန်းကို ကြည့်မည်ဆိုလျှင် Toyota မှာ ၃၂၈ ရာခိုင်နှုန်း၊ Lexus မှာ ၄၄၂ ရာခိုင်နှုန်း၊ Rivian မှာ ၄၆ ရာခိုင်နှုန်းနှင့် Subaru မှာ ၃၁ ရာခိုင်နှုန်းတို့ ဖြစ်သည်။

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref: US EV market rebounds in Q3, up 7.7%, Tesla dominates (gumtree)

မူရင်းသတင်း — CarsDB