
အမေရိကန်ပြည်၊ မက်ဆာချူးဆက်ပြည်နယ် Worcester Polytechnic Institute မှ ဓာတု အင်ဂျင်နီယာဌာနမှ ပညာရှင်များ၏ လေ့လာတွေ့ရှိချက်သစ်အရ ဝါးသည် ရေနံမှ ဆင်းသက်သော လောင်စာများ၏ နေရာတွင် အစားထိုးနိုင်မည့် စရိတ်စက သက်သာသည့် အစားထိုး လောင်စာဖြစ်လာနိုင်ကြောင်း တွေ့ရှိခဲ့သည်။
၎င်းတို့၏ ခန့်မှန်းချက်အရ စီးပွားဖြစ် အပြည့်အဝထုတ်လုပ်နိုင်သည့် အတိုင်းအတာသို့ ရောက်ရှိလာပါက ဝါးအခြေခံလောင်စာဆီ တစ်ဂါလံလျှင် (ဓာတ်ဆီတစ်ဂါလံနှင့်ညီမျှသောစွမ်းအင်) ခန့်မှန်းခြေ ၂ ဒသမ ၇၅ ဒေါ်လာဝန်းကျင်သာ ကျသင့်မည်ဟု ဆိုသည်။
ဓာတုအင်ဂျင်နီယာ ပါမောက္ခ ဌာနမှူးဖြစ်သူ Michael Timko နှင့်အဖွဲ့သည် မော်တော်ကားများ၊ လေယာဉ်များနှင့် ရထားများအတွက် ရေရှည်တည်တံ့နိုင်မည့် လောင်စာများ ထုတ်လုပ်ရန် ဝါးသည် အလွန်အလားအလာကောင်းသော ကုန်ကြမ်းပစ္စည်းဖြစ်ကြောင်း ပြသခဲ့ကြသည်။
၎င်းတို့၏ လေ့လာတွေ့ရှိချက်ကို Sustainable Energy & Fuels ဂျာနယ်တွင် ဖော်ပြခဲ့ပြီး ဖြစ်သည်။
ထိုလေ့လာချက်အရ ဝါးကို လောင်စာဆီအဖြစ် ထုတ်လုပ်ရာတွင် သမားရိုးကျ ရေနံထွက် လောင်စာများအောက် ကုန်ကျစရိတ်နည်းပါးသည့်အပြင် ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှုလည်း သိသိသာသာ ပိုမိုနည်းပါးကြောင်း သိရသည်။
“ကျွန်တော်တို့ရဲ့ လေ့လာချက်အရ ဝါးဟာ အနာဂတ်လောင်စာဆီကဏ္ဍမှာ အခန်းကဏ္ဍတစ်ရပ်ကနေ ပါဝင်လာနိုင်ပါတယ်” ဟု Timko က ပြောကြားခဲ့သည်။
“လောင်စာဆီဈေးနှုန်းတွေ မြင့်တက်နေပြီး သယ်ယူပို့ဆောင်ရေးကဏ္ဍဟာ အခြားကဏ္ဍတွေထက် ဖန်လုံအိမ်ဓာတ်ငွေ့ ပိုမိုထုတ်လွှတ်နေချိန်မှာ ဒီသုတေသနက အထူး အရေးကြီးတယ်လို့ ကျွန်တော် ထင်ပါတယ်။ ဝါးစိုက်ပျိုးမှုဟာ စားသောက်ကုန် ထုတ်လုပ်ရေးအတွက် အသုံးပြုနေတဲ့ မြေယာတွေနဲ့ မတူတဲ့ မြေနေရာမှာ ပေါက်ရောက်စိုက်ပျိုးကြတာဖြစ်လို့ အစားအစာနဲ့ လောင်စာဆီအကြား အပေးအယူလုပ်စရာ မလိုပါဘူး။ တောင်သူတွေလည်း အကျိုးရှိမယ်၊ အသုံးပြုသူတွေလည်း အကျိုးရှိပါမယ်။”
ဝါးမှ ထုတ်လုပ်သည့် လောင်စာကိုအသုံးပြုခြင်းဖြင့် ဖန်လုံအိမ်ဓာတ်ငွေ့ကို နည်းလမ်း ၂ သွယ်ဖြင့် လျှော့ချနိုင်သည်။
ဝါးကို ဇီဝရေနံအဖြစ် ပြောင်းလဲသည့် လုပ်ငန်းစဉ်သည် အခြားကုန်ကြမ်းများကို အသုံးပြုသည်ထက် ပိုမိုထိရောက်မှုရှိခြင်းနှင့် ဝါးကိုယ်တိုင်က မြေပေါ် မြေအောက် ကာဗွန်ပမာဏ အမြောက်အမြားကို စုပ်ယူသိုလှောင်ထားနိုင်ခြင်းတို့ ဖြစ်သည်။
မြေသြဇာမကောင်းသော နေရာမျိုးတွင်ပင် ဝါးမှာ လျင်မြန်စွာ ကြီးထွားနိုင်စွမ်းရှိသောကြောင့် HTL နည်းပညာဖြင့် ဝါးကို လောင်စာအဖြစ် ပြောင်းလဲခြင်းသည် အမေရိကန်နိုင်ငံရှိ ပြောင်းဖူးမှ အီသနော (corn-ethanol) ထုတ်လုပ်မှု ပမာဏနှင့် တူညီနိုင်သော်လည်း စိုက်ပျိုးမြေ၏ ၁၃ ရာခိုင်နှုန်းခန့်ကိုသာ အသုံးပြုရမည်ဖြစ်ကြောင်း လေ့လာတွေ့ရှိခဲ့သည်။
ဓာတ်ခွဲခန်းစမ်းသပ်မှုတွင် ဓာတ်ကူပစ္စည်း (catalyst) အသုံးမပြုဘဲ ဝါးကို ၅၇၂ ဒီဂရီ ဖာရင်ဟိုက် (၃၀၀ ဒီဂရီ ဆဲစီးယပ်) တွင် ၁၀ မိနစ်ခန့် အပူပေးခဲ့ကြသည်။
ဝါး၏ ၃၅ ဒသမ ၆ ရာခိုင်နှုန်းခန့်သည် ဇီဝရေနံစိမ်းအဖြစ် ပြောင်းလဲသွားခဲ့သည်ဟု ဆိုသည်။
((ဝါးကို အသုံးပြုခြင်း၏ အားသာချက်များ))
ဝါးသည် ကြီးထွားနှုန်းမြန်ဆန်သည်။
နှစ်ရှည်ပင်ဖြစ်ခြင်း= နှစ်စဉ်ပြန်လည် စိုက်ပျိုးရန်မလိုသည့် နှစ်ရှည်ပင်ဖြစ်သည်။
► မြေနေရာ လိုအပ်ချက်နည်းပါးခြင်း= အမေရိကန်နိုင်ငံတွင် လုပ်ဆောင်နေသော ပြောင်းဖူးမှ အီသနော ထုတ်လုပ်မှု ပမာဏနှင့် တူညီစွာ ထုတ်လုပ်ရန်အတွက် ဝါးသည် ပြောင်းဖူးစိုက်ပျိုးမြေ၏ ၁၃ ရာခိုင်နှုန်းခန့်သာ အသုံးပြုရန် လိုအပ်မည်ဟု သုတေသနအဖွဲ့က ခန့်မှန်းထားသည်။
► ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှု နည်းပါးခြင်း= ရေနံ၊ ဒီဇယ်တို့နှင့် နှိုင်းယှဉ်ပါက ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှု သိသိသာသာ နည်းပါးမည်ဟု ခန့်မှန်းထားသည်။
သို့သော် ယခုတွေ့ရှိချက်မှာ ဓာတ်ခွဲခန်း စမ်းသပ်ချက်သာဖြစ်ပြီး လက်တွေ့ပြင်ပတွင်လည်း တသမတ်တည်း ရှိနေရန် ဆက်လက် စမ်းသပ်အတည်ပြုရဦးမည်ဖြစ်သည်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: Worcester Polytechnic Institute researchers identify bamboo as fuel alternative (eurekalert)