CarsDB

အမေရိကန် လူကုံထံ အများစု ဘာကြောင့် ဈေးသက်သာတဲ့ Toyota တွေပဲ စီးတယ်ဆိုတာ ရှင်းပြထားတဲ့ သိပ္ပံနည်းကျ လေ့လာချက် ထွက်ပေါ်လာ

(အမေရိကန်သူဌေးတွေ တိုယိုတာပဲ စီးကြတဲ့ အံ့ဖွယ်အကြောင်းရင်း))

အမေရိကန် သန်းကြွယ်သူဌေးများ ခြံထဲ ကားမောင်းပြန်လာပုံကို သင့်အနေဖြင့် စိတ်ကူးမြင်ယောင်ကြည့်ပါ။

ထိုအခါ လူအများစု စိတ်ကူးမြင်ယောင်မိမည်မှာ Ferrari, Lamborghini (သို့မဟုတ်) တန်ဖိုးကြီး SUV ကားကြီးများ ဖြစ်ဖွယ်ရှိသည်။

ထိုကားများမှာ လူအများစု၏ အိမ်တန်ဖိုးထက်ပင် ပိုမိုဈေးကြီးသည်။

သို့သော် လက်တွေ့တွင်မူ အမေရိကန်သူဌေး အများအပြားသည် ဈေးသက်သာသော Toyota များကိုသာ စီးနေကြသည်။

ထိုအကြောင်းနှင့် စပ်လျဉ်းသည့် ဗီဒီယိုဖိုင်တစ်ခု လူမှုကွန်ရက်တွင် ဂယက်ရိုက် ပျံ့နှံ့ခဲ့ပြီးနောက် လူကုံထံအချို့သည် ၎င်းတို့၏ အဆင့်အတန်းကို ပြမည့် တန်ဖိုးကြီးကားများ မစီးဘဲ အဘယ်ကြောင့် သာမန်ကားများကိုသာ စီးရသနည်းဟူသော ဆွေးနွေးငြင်းခုံမှုတစ်ရပ် လူမှုကွန်ရက်သုံးစွဲသူတို့ကြား ပေါ်ပေါက်လာသည်။

((တန်ဖိုးကြီး ပြိုင်ကား မစီးဘဲ Toyota Camry စီးတဲ့ လူကုံထံတွေ))

သန်းကြွယ်သူဌေးတို့ ကားစီးပုံ အလေ့အထအကြောင်းကို Thomas J. Stanley နှင့် William D. Danko တို့က သုတေသနပြုလုပ်ကာ ၎င်းတို့၏ The Millionaire Next Door အမည်ရှိ စာအုပ်တွင် ရေးသားဖော်ပြထားသည်။

အညတရ အမေရိကန်ပြည်သူတို့ ငွေကြေးဥစ္စာ မည်သို့စုဆောင်းရှာဖွေသည်ကို ဖော်ပြထားခြင်း ဖြစ်သည်။

များစွာသော လူကုံထံမိသားစုတို့သည် မိမိတို့ ချမ်းသာကြောင်းပြသရေးအတွက် ငွေသုံးစွဲခြင်းမျိုး မလုပ်ကြဘဲ ငွေစုဆောင်းခြင်း၊ ရင်းနှီးမြှုပ်နှံခြင်းနှင့် စီးပွားရေးလုပ်ငန်းများ တည်ထောင်ခြင်းတို့ဘက်တွင်သာ ဦးစားပေးခဲ့ကြသည်။

(ဓာတ်ပုံ Credit-Unsplash)

အဆိုပါ ဘဝနေထိုင်မှုမျိုးအတွက် Toyota ဆီဒင်များနှင့် Ford ပစ်ကပ်ကားများ အပါအဝင် လက်တွေ့ကျသော ကားများကိုသာ ရွေးချယ်ကြပြီး တန်ဖိုးကြီးမားသည့် ဇိမ်ခံကားများကို မရွေးချယ်ကြချေ။

၎င်းတို့၏ လေ့လာတွေ့ရှိချက်ကို အိမ်ခြံမြေရင်းနှီးမြှုပ်နှံသူ အမျိုးသမီးတစ်ဦးက @Brian_Luebben ဟူသော အကောင့်ဖြင့် TikTok လူမှုကွန်ရက်တွင် သူ၏ အမြင်ကို ပြောပြခဲ့ရာ လူမှုကွန်ရက်သုံးစွဲသူတို့ များစွာစိတ်ဝင်စားခဲ့ကြသည်။

Luebben က ပြောပြသည်မှာ မိမိ စီးပွားရေးလုပ်သော အစောပိုင်းကာလတွင် Camry ကိုသာ စီးခဲ့ခြင်းကြောင့် လုပ်ငန်းထဲသို့ ငွေပိုထည့်နိုင်ခဲ့ပြီး ကြီးပွားလာစေရန် အထောက်အထူဖြစ်ခဲ့သည်ဟု ဆိုသည်။

(ဓာတ်ပုံ Credit-Unsplash)

စီးပွားဥစ္စာ အရင်ဆုံး ထူထောင်နိုင်ပြီးမှ နောက်ပိုင်းတွင် အကျိုးကျေးဇူးကို ခံစားရန် ဖြစ်သည်။

((အမေရိကန် လူချမ်းသာတို့ သာမန်ကားများသာစီးသည့် အကြောင်းရင်း))

ဈေးကြီးသော ကားတစ်စီးအတွက် သုံးစွဲလိုက်သည့် ငွေသည် အခြားနေရာတွင် ရင်းနှီးမြှုပ်နှံ၍ မရတော့ချေ။

Luxury ကားတစ်စီးဝယ်လျှင် ငွေပိုကုန်သည်။ အာမခံကြေးနှင့် ပြုပြင်ထိန်းသိမ်းစရိတ်လည်း ပိုများသည်။

တန်ဖိုးသင့် ကားအများစုတွင် အထက်ပါ ဝန်ထုပ်ဝန်ပိုး မဖြစ်စေဘဲ သွားလာရေးအတွက် အားထားနိုင်သည်။

စီးပွားရေးလုပ်ငန်းတစ်ခု ထူထောင်ရန် (သို့မဟုတ်) ရင်းနှီးမြှုပ်နှံမှုများ တိုးပွားစေရန် အားထုတ်နေသူတစ်ဦး အနေဖြင့် အဆိုပါ ကုန်ကျစရိတ်များ ထိန်းထားနိုင်ပါက အချိန်ကြာလာသည်နှင့်အမျှ ရလဒ်အဖြေ ကွဲပြားသွားနိုင်သည်။


(ဓာတ်ပုံ Credit-@brian_luebben)

သာမန် Toyota တစ်စီးကို စီးခြင်းသည် Ferrari မစီးနိုင်ဟု မဆိုလိုချေ။

အထင်ကြီးခံရစေရန် ငွေသုံးမည့်အစား ထိုငွေကို အကျိုးရှိရှိ အလုပ်လုပ်စေလိုသော သဘောမျိုးသာ ဖြစ်သည်။

ထိုသို့ ခြိုးခြံရိုးကုပ်စွာနေသည့်ဘက်တွင် ကမ္ဘာကျော် ဘီလျံနာကြီး Warren Buffett ကို သာဓက ကြည့်နိုင်သည်။

သို့သော် ဤနေရာတွင် သတိချပ်သင့်သည့်အချက်တစ်ခု ရှိသည်။

Buffett ဖြစ်စေ၊ အခြားအထင်ကရ လုပ်ငန်းရှင်ဖြစ်စေ တန်ဖိုးကြီးကားမစီးဘဲ သာမန်ကားများ စီးနေရုံမျှဖြင့် ကြီးပွားချမ်းသာလာကြခြင်း မဟုတ်ဟူသောအချက် ဖြစ်သည်။
သို့သော် ၎င်းတို့၏ ငွေသုံးစွဲမှုအလေ့အထသည် ၎င်းတို့၏ ငွေကြေးစီမံခန့်ခွဲအပိုင်းကို ထင်ဟပ်ပြသနေသည်။

သူဌေးတိုင်းလည်း Toyota Camry သာ စီးကြသည်ဟု မယူဆသင့်ချေ။

အဘယ်ကြောင့်ဆိုလျှင် လူကုံထံများတွင်လည်း မတူညီသော ဦးစားပေးမှုများရှိကြပြီး ၎င်းတို့ထဲမှ အများအပြားမှာ Luxury ကားများ၊ ပြိုင်ကားများနှင့် တန်ဖိုးကြီး SUV များကို နှစ်သက်စွာ စီးနေကြသောကြောင့် ဖြစ်သည်။

(ဓာတ်ပုံ Credit- @brian_luebben)

((Toyota စီးရင် သူဌေးဖြစ်လာနိုင်လား))

ငွေကြေးအောင်မြင်မှုဟူသည် မည်သည့်ကားစီးသည် ဆိုသည့်အပေါ် မူတည်ခြင်းမရှိ။
ငွေကြေးကို မည်သို့အသုံးချသနည်းဆိုသည့်အပေါ်တွင်သာ မူတည်သည်။

Luebben ၏ ထုတ်ဖော်ပြောပြချက်နှင့် စပ်လျဉ်းပြီး တိုယိုတာ စီးသူတို့က ၎င်းတို့၏ ကားအပေါ် ဂုဏ်ယူလျက် ရှိကြသည်။

လူမှုကွန်ရက် သုံးစွဲသူတစ်ဦးက မှတ်ချက်ပေးသည်မှာ ၎င်းတွင် Camry ရှိသော်လည်း သူဌေးဖြစ်မည့်အချိန်ကို မျှော်လင့်နေဆဲဖြစ်ကြောင်း အရွှန်းဖောက်သည်။

(ဓာတ်ပုံ -Wikicommons)

စီးပွားဥစ္စာရှာဖွေကာ ကြွယ်ဝချမ်းသာပြီးသူတစ်ဦးအတွက် ပြိုင်ကားတစ်စီး ပိုင်ဆိုင်ထားခြင်းမှာ အကောင်းဆုံး ဆုလာဘ်ဖြစ်နိုင်သည်။

သို့သော် ခမ်းနားထည်ဝါသော ကားများဝယ်ယူနိုင်သည့်တိုင် သစ္စာရှိသော Toyota ကားဟောင်းလေးကိုသာ ဆက်လက်အသုံးပြုနေသူများမှာ ပိုမိုအံ့သြဖွယ်ကောင်းသည်။

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref: Scientific study discovers most American millionaires drive Toyotas and explains the surprising reason why (supercarblondie)

မူရင်းသတင်း — CarsDB