CarsDB

ငိုနေသောကလေးကို ပြတင်းပေါက်ဘေး ခုံချင်းလဲမပေးသည့် ဘဏ်ဝန်ထမ်းအမျိုးသမီးကို ခရီးသည်တဦးက ဓာတ်ပုံရိုက်ကာ လူမှုကွန်ရက်တွင်တင်ခဲ့ရာ အမျိုးသမီး အလုပ်ပြုတ်ရသည့်ဖြစ်ပုံ

လေယာဉ်ခရီးစဉ်တစ်ခုတွင် အမျိုးသမီးတစ်ဦးက သူ၏ ပြတင်းပေါက်ဘေးထိုင်ခုံကို ငိုနေသည့်ကလေးအတွက် ထိုင်ခုံချင်းလဲမပေးခဲ့သဖြင့် လူမှုကွန်ရက်တွင် ဓာတ်ပုံများပျံ့နှံ့ခဲ့ရာ ထိုဖြစ်ရပ်အတွက် အဆိုပါအမျိုးသမီး အလုပ်ပြုတ်သွားခဲ့သည်။

ထိုအမျိုးသမီး၏ အမည်မှာ ဂျနီဖာ ကက်စ်ထရိုဟု အမည်ရပြီး အသက် ၂၉ နှစ်အရွယ်ရှိကာ ဘရာဇီးနိုင်ငံသူ ဖြစ်သည်။

ယခုအခါ ဂျနီဖာက GOL Airlines နှင့် အဆိုပါဖြစ်ရပ်ကို ဗွီဒီယိုရိုက်ခဲ့သည့် ခရီးသည်တို့အား တရားစွဲထားသည်။

ဗွီဒီယိုဖိုင်မှာ လူမှုကွန်ရက်တွင် ဂယက်ရိုက်ပျံ့နှံ့ခဲ့ပြီး လူမှုကွန်ရက်သုံးစွဲသူတို့အကြား အမျိုးမျိုးအဖုံဖုံ ဝေဖန်ငြင်းခုံမှုများ ပေါ်ပေါက်နေသည်။

ဂျနီဖာက လေကြောင်းလိုင်းနှင့် ဗွီဒီယိုရိုက်သူတို့ကို တရားစွဲထားကြောင်း နယူးယောက်ပို့စ် သတင်းဌာနက ဖော်ပြသည်။

ထိုဖြစ်ရပ်ကြောင့် မိမိတွင် ထိခိုက်နစ်နာမှုများ၊ စိတ်ဆင်းရဲရမှုများ ဖြစ်ခဲ့ရမှုနှင့် စပ်လျဉ်းပြီး ဂျနီဖာက လျော်ကြေးတောင်းထားသည်။

ယခုကဲ့သို့ တရားစွဲရန် ဆုံးဖြတ်ရခြင်း၏ အကြောင်းရင်းမှာ အနာဂတ်တွင် ယခုကဲ့သို့ အရှက်ခွဲသည့်ဖြစ်ရပ်မျိုး တားဆီးနိုင်ရန် ရည်ရွယ်ကြောင်း ဂျနီဖာက ပြောသည်။

လူတဦး၏ အခွင့်အရေးနှင့် လူမှုကွန်ရက်တို့ ဆက်နွှယ်နေမှုဖြစ်ရပ်အပေါ် လူအများအာရုံစိုက်ခဲ့ကြသည်။

တရားရင်ဆိုင်နေဆဲ တရားရုံးကိစ္စဖြစ်သဖြင့် လျော်ကြေးမည်မျှတောင်းခံထားသည်ဆိုသည့်အချက်ကိုမူ ဂျနီဖာက ထုတ်ဖော်ပြောကြားထားခြင်း မရှိချေ။ အနာဂတ်တွင် ယခုကဲ့သို့ ခွင့်ပြုချက်မရဘဲ ဓာတ်ပုံ၊ ဗွီဒီယိုရိုက်ခြင်း၊ အများပြည်သူကြား အရှက်ခွဲသည့်ဖြစ်ရပ်များကို တားဆီးနိုင်ရန် ဂျနီဖာက မျှော်လင့်ထားသည်။

“အဲ့ဒီဖြစ်ရပ်နောက်ပိုင်း ကျွန်မဘဝဟာ ဘယ်လိုမှ ထင်မထားတဲ့ အချိုးအကွေ့နဲ့ ရင်ဆိုင်ခဲ့ရပါတယ်” ဟု ဂျနီဖာက ရှင်းပြသည်။

“သာမန် လေကြောင်းခရီးစဉ်လေးပဲ ဖြစ်သင့်ပေမယ့် အကြီးအကျယ် အရှက်ရစေမယ့် အခြေအနေတစ်ခု ဖြစ်ခဲ့ပါတယ်။ ကျွန်မကို မတရား ချပြခံရပြီး ပုဂ္ဂိုလ်ရေးနဲ့ အလုပ်အကိုင် ၂ ခုလုံး ဒုက္ခရောက်ခဲ့ရပါတယ်။ ဝေဖန်တိုက်ခိုက်မှုတွေ၊ ဆရာကြီးအလုပ်ခံရမှုတွေရဲ့ ပစ်မှတ်သားကောင်ဖြစ်ခဲ့ရပါတယ်။”

ဖြစ်ရပ်ဖြစ်ပွားခဲ့ပုံကို ဂျနီဖာက ရှင်းပြသည်မှာ မိမိလေယာဉ်ပေါ်သို့ တက်ချိန်တွင် မိမိ၏ ထိုင်ခုံနေရာတွင် ကလေးငယ်တစ်ဦး ထိုင်နေသည်ကို တွေ့လိုက်ရသည်ဟု ဆိုသည်။

ပြတင်းပေါက်ဘေး ထိုင်ခုံလိုချင်သောကြောင့် လက်မှတ်ကြိုတင်ဝယ်ယူထားခြင်းဖြစ်ရာ ကလေးငယ်ကို ထိုင်ခုံပြောင်းခိုင်းခဲ့သည်။

“သူ ထိုင်ခုံပြောင်းတာကို စောင့်နေခဲ့ပြီး ကျွန်မထိုင်ခုံနေရာမှာ ကျွန်မ ထိုင်ခဲ့တာပါ။” ဟု ဂျနီဖာက ရှင်းပြသည်။

သို့သော် ထိုဖြစ်ရပ်ကို မိမိ၏ ခွင့်ပြုချက်မရှိဘဲ ခရီးသည်တစ်ဦးက ဗွီဒီယိုရိုက်ကာ လူမှုကွန်ရက်တွင် တင်ခဲ့ရာမှ မိမိတွင် အလုပ်ပြုတ်ခြင်း အပါအဝင် စိတ်ဒဏ်ရာများ ရရှိခဲ့ရကြောင်း ဂျနီဖာက ပြောသည်။

((လူမှုကွန်ရက် သုံးစွဲသူတို့၏ မှတ်ချက်များ))

ဂျနီဖာ၏ ဖြစ်ရပ်မှာ လူမှုကွန်ရက်တွင် ဂယက်ရိုက်ပျံ့နှံ့ခဲ့ရာ Like ပေးသူ ၂၃,၀၀၀ ကျော်၊ မှတ်ချက်ပေးမှုပေါင်း ၁၀,၀၀၀ ကျော်ရှိသည်။

Subhankar Das အမည်ရှိ အကောင့်က “တခြားသူဝယ်ထားတဲ့ခုံနေရာကို တောင်းနေမယ့်အစား၊ ငြင်းခုံနေမယ့်အစား မိဘတွေအနေနဲ့ ကိုယ့်ကလေးအတွက် ပြတင်းပေါက်ဘေးကခုံနေရာ ဝယ်ထားသင့်တယ်” ဟု ဆိုသည်။

“ထိုင်ခုံနေရာက သတ်မှတ်ထားပြီးသားပါ။ ကောင်မလေးက သူ့ခုံနေရာအတွက် ပိုက်ဆံပေးထားတယ်။ အဲ့နေရာကို တခြားသူကိုပေးဖို့ သူ့မှာ တာဝန်မရှိပါဘူး။ ဒါက ဘတ်စ်ကား၊ ရထားစီးနေတာ မဟုတ်ပါဘူး” (Robert Gagnon)

“ကောင်မလေးက အဲ့ဒီခုံနေရာအတွက် ငွေပေးထားတာလေ။ ကလေးမိဘတွေက သူတို့ ငွေမပေးထားတဲ့ ထိုင်ခုံနေရာကို ဘာကြောင့် ရပိုင်ခွင့်ရှိတယ်လို့ ထင်နေကြတာလဲ” (Sharon Wellington)

“ခင်ဗျားက ကားတစင်း ဝယ်လိုက်တယ်။ ကလေးတစ်ယောက်က အဲ့ကားကို လိုချင်တယ်ဆိုပြီး ငိုနေတယ်ဆိုပါစို့။ အဲဒါဆို ကားကို ပေးပစ်ရမှာလား” (Kelly Swanson)

“အဲဒီကလေးက လေယာဉ်မှူး ထိုင်ခုံနေရာကို မတောင်းတာ ဘုရားသခင်ကို ကျေးဇူးတင်ရမှာပဲ” (Luxe Mattresses)

“အဲဒါဆို ကျုပ်လည်း ငိုပြီး ပထမတန်း ခုံနေရာတောင်းမယ်။ ရမလား” (Raven Armando Astone)

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref: Woman Sues Airline And Passenger Over Viral Window Seat Dispute With Crying Child (ndtv)

မူရင်းသတင်း — CarsDB