
ပုလဲ (NP News) - နိုဝင်ဘာလ ၁
ပြည်ပရောက် မြန်မာအလုပ်သမားများ၏ မိသားစုထံ တရားဝင်လွှဲပို့ငွေ (၂၅)ရာခိုင်နှုန်းသည် ငွေလဲနှုန်းကွာဟ ချက်ကြောင့် အနည်းငယ် နစ်နာမှုရှိနိုင်ကြောင်း အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်က Tiktok လူမှုကွန်ရက်တွင် ဗီဒီယိုဖိုင်တင်၍ ရှင်းလင်းပြောကြားထားသည့်အချက် အလက်များအရသည်။
လက်ရှိတွင် နိုင်ငံတော်အစိုးရက ပြည်ပရောက်မြန်မာအလုပ်သမားများအနေဖြင့် မိသားစုထံ ပြန်လည်လွှဲပို့ရာ တွင် အခြေခံလစာ၏ (၂၅)ရာခိုင်နှုန်း ကို တရားဝင်ဘဏ်စနစ်ဖြင့်သာလွှဲပြောင်းရန်သတ်မှတ်ထားကြောင်းသိရသည်။ အဆိုပါလွှဲပို့ငွေများသည် နိုင်ငံတော်အစိုးရထံရောက်ရှိခြင်းမဟုတ်ဘဲ ပြည်တွင်းရှိမိသားစုဝင်များထံ ရောက်ရှိခြင်းဖြစ် ကြောင်း ပြည်ထောင်စုဝန်ကြီးကပြောသည်။
“အခုလို Remittance လွှဲတဲ့ပိုက်ဆံတွေက အစိုးရကယူတာမဟုတ်ဘူး။ မိဘဆွေမျိုးတွေဆီ ကိုပဲရောက်သွား တာ”ဟုပြောသည်။ ထိုသို့လွှဲပို့ရာတွင်လည်း ဟွန်ဒီ Rate နှင့် ဗဟိုဘဏ် Exchange Rate အနည်းငယ်ကွာဟမှုရှိနေသည့် အတွက် ငွေကြေးအားဖြင့် အတိုင်းအတာတစ်ခုအထိ နစ်နာနိုင် ကြောင်းလည်း ပြည်ထောင်စုဝန်ကြီးက ပြောကြား ထားသည်။
“ပွင့်ပွင့်လင်းလင်းဝန်ခံရရင်တော့ ဟွန်ဒီ Rate နဲ့ ကျွန်တော်တို့ရဲ့ ဗဟိုဘဏ် Exchange Rate က နည်းနည်း လေးတော့ကွာပါတယ်။ နည်းနည်းလေးကွာတဲ့အတွက် ခင်ဗျားတို့ ငွေကြေးအားဖြင့်တော့ အတိုင်းအတာတစ်ခုအထိ နစ်နာနိုင်ပါတယ်” ဟုပြောသည်။
ပြည်ပမှ ပြန်လည်ဝင်ရောက်လာသည့် နိုင်ငံခြားငွေများကို စက်သုံးဆီ၊ စားသုံးဆီနှင့် လျှပ်စစ် ဓာတ်အား ထုတ်လုပ်ရန်လိုအပ်သည့် သဘာဝဓာတ် ငွေ့များဝယ်ယူရာတွင်အသုံးပြုကြောင်းလည်း သိရသည်။ “အဲဒီရတဲ့ ပိုက်ဆံ တွေကို Remittance တွေကို အစိုးရကသုံးတာမဟုတ်ဘူး။ ဘယ်သူက သုံးလဲဆိုရင်တော့ ပြည်သူတွေ အတွက်ပဲ သုံးတာ။ စက်သုံး ဆီတွေဝယ်ရမယ်။ စားသုံးဆီတွေဝယ်ရမယ်။ လျှပ်စစ်မီးပေးဖို့အတွက် ဓာတ်ငွေ့တွေဝယ်ရမယ်။ အဲဒီ နေရာမှာ ဒီပိုက်ဆံတွေကို ကျွန်တော်တို့ကသုံးလိုက်တာ”ဟုပြောသည်။
ထို့ကြောင့် ပြည်ပရောက်အလုပ်သမားများ၏ငွေလွှဲပို့မှုသည် ၎င်းတို့၏မိသားစုများအတွက်သာမက နိုင်ငံ အတွင်း လိုအပ်သည့်သွင်းကုန်များ ဝယ်ယူနိုင်ရေးအတွက်ပါ အရေးပါကြောင်းသိရသည်။ “ဒါကြောင့်မို့လို့ အဲဒီပိုက်ဆံ တွေသည် ခင်ဗျားတို့ရဲ့ဆွေမျိုးတွေ၊ သူငယ်ချင်းတွေ နောက်ဆုံးပိတ် မြန်မာနိုင်ငံသားတွေအတွက်ပဲသုံးတယ်ဆိုတာကို ငွေလွှဲပို့တဲ့သူ တွေက ကမ္ဘာအရပ်ရပ်ကရှိနေတဲ့မြန်မာအလုပ်သမား တွေသိစေချင်တာပါ” ဟုပြောသည်။