
သန့်ဇင် (NP News) - နိုဝင်ဘာ ၂
ရှမ်းပြည်ပူးပေါင်းဆောင်ရွက်ရေးကော်မတီ(SSJAC) သို့ပေးပို့သည့် MNDAA အိတ်ဖွင့်ပေးစာသည် ခြိမ်းခြောက်မှုမြောက်ပြီး ရှမ်းတစ်မျိုးသားလုံးအား စော်ကားခြင်းဖြစ်ကြောင်း ရှမ်းလူငယ်ကွန်ရက်က ယနေ့(နိုဝင်ဘာ ၂ ရက်) MNDAA ထံ အိတ်ဖွင့်ပေးစာဖြင့် အသိပေးထုတ်ပြန်လိုက်သည်။
SSJAC သည် MNDAA ၏ ပြုမူလုပ်ဆောင်နေမှုများအပေါ် ရှမ်းလူထုနစ်နာချက်နှင့် ပတ်သက်ပြီး ထုတ်ပြန်ချက် တစ်စောင်ထုတ်ပြန်ခဲ့ရာ MNDAA ကလည်း ပြီးခဲ့သည့်အောက်တိုဘာ (၂၇) ရက်တွင် SSJAC ၏ ထုတ်ပြန်ချက်သည် စွပ်စွဲခြင်းဖြစ်ပြီး သွေးထိုးလှုံ့ဆော်ခြင်းကြောင့်ဖြစ်ပေါ်လာမည့်အကျိုးဆက်များကို အပြည့်အဝတာဝန်ခံရမည်ဟု လီဆယ်ရေးသားမှုများဖြင့် ခြိမ်းခြောက်စာတစ်စောင်အား ထုတ်ပြန်ခဲ့သည်ကို တွေ့ရကြောင်း စာအတွင်း ရေးသားထားသည်။
ထို့နောက် MNDAA ၏ စာနှင့်ပတ်သက်၍ ရှမ်းလူငယ်ကွန်ရက်က ပြန်လည်အိတ်ဖွင့်ပေးစာပေးပို့ရာတွင် ပညာရေးဆိုင်ရာကိစ္စရပ်များအတွင်း MNDAA မှ ထိန်းချုပ်ထားသောဒေသတွင် အမှန်တကယ် စာသင်ကြားခွင့်ရသည်မှာ တအာင်းစာသင်ကြားသည့် ကျောင်း (၂၂) ကျောင်းနှင့် ရှမ်းစာသင်ကြားသည့်ကျောင်း (၅) ကျောင်းသာ ရှိကြောင်း စာအတွင်း ရေးသားသည်။
ထို့ပြင် တရုတ်စာ သင်ကြားမှုအခြေအနေတွင်လည်း တရုတ်စာအား ရွေးချယ်ခွင့်ပေးသည်ဟု ဆိုထားသော်လည်း MNDAA ထိန်းချုပ်ဒေသ စာသင်ကျောင်းများတွင် တရုတ်စာဘာသာရပ်မှာ မဖြစ်မနေ ဘာသာရပ်ဖြစ်နေကြောင်း စာအတွင်း ရေးသားထားသည်။
ထို့နောက် မြေယာပိုင်ဆိုင်ခွင့်နှင့်သိမ်းဆည်းမှုဆိုင်ရာကိစ္စရပ်များတွင်လည်း MNDAA မှ လီဆယ်စကားဆိုထားကြောင်း အချက် (၃) ချက်နှင့်တကွ ဖော်ပြရေးသားထားပြီး MNDAA အား ကြေးစားလက်နက်ကိုင်အဖွဲ့ဖြစ်ကြောင်း စာအတွင်းရေးသားထားသည်။
ထို့ပြင် သမိုင်းဝင် ယဉ်ကျေးမှုလက္ခဏာများနှင့် အမည်များ ပြောင်းလဲခြင်းဆိုင်ရာကိစ္စရပ်များတွင်လည်း MNDAA မျက်နှာပြောင်တိုက် လိမ်ညာထားကြောင်း စာအတွင်း ဆိုထားသည်။
လူ့အခွင့်အရေးနှင့် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ဆိုင်ရာကိစ္စရပ်များတွင်လည်း MNDAAက ၎င်းတို့၏ ၁၉၄၈၊ ဒီဇင်ဘာ ၁၀ တွင် ထုတ်ပြန်သော လူ့အခွင့်အရေး ကြေညာစာတမ်းအား လေ့လာမှုထားခြင်းမရှိကြောင်းနှင့် MNDAA၏ လူ့အခွင့်အရေး ကြေညာစာတမ်း အပိုဒ် (၃ဝ) ပါ အချက်အများစုအား ချိုးဖောက်နေသည်ဖြစ်၍ မျက်နှာပြောင်တိုက် လိမ်လည်ရေးသားထားကြောင်းလည်း စာအတွင်း ရေးသားထားသည်။
ထို့ပြင် MNDAA မှ လူမျိုးရေးပဋိပက္ခအသွင် ဖန်တီးလှုံ့ဆော်မှုအပေါ် ပြင်းထန်စွာကန့်ကွက်သည်ဟု ဆိုထားသော်လည်း လက်ရှိတွင် ဒေသခံပြည်သူအကျိုးစီးပွားထက် ပြည်ပရင်းနှီးမြှုပ်နှံသူ အကျိုးစီးပွားလုပ်ဆောင်နေခြင်းဖြစ်ကြောင်း စာအတွင်းရေးသားထားသည်။
အလားတူ လွတ်လပ်စွာနေထိုင်ရပ်တည်ခွင့်တွင်လည်း MNDAA ထိန်းချုပ်ဒေသများ၌ မြန်မာနိုင်ငံသားများအတွက် လွတ်လပ်စွာ လှုပ်ရှားသွား လာခွင့်၊ ပြောဆိုခွင့်မရကြောင်း စာအတွင်း ရေးသားထားသည်။
ထို့ပြင် SSJAC အား MNDAAက အိတ်ဖွင့်ပေးစာပေးပို့ခြင်းအပေါ် ခြိမ်းခြောက်မှုဖြစ်ကြောင်းနှင့် SSJAC အားခြိမ်းခြောက်မှုသည် ရှမ်းတစ်မျိုးသားလုံးအား စော်ကားခြင်းသာဖြစ်ကြောင်း စာအတွင်း ရေးသားထားသည်။
ထို့ကြောင့် MNDAA အနေဖြင့် ဒေသခံများအပေါ် မှားယွင်းလုပ်ဆောင်မှုများ ပြင်ဆင်ရန်၊ ပြည်သူ့အကျိုးစီးပွား ထိခိုက်စေသည့် နိုင်ငံခြားသားအကျိုးစီးပွား ကာကွယ်မှုကိုရပ်တန့်ရန်၊ SSJAC အပေါ်ခြိမ်းခြောက်မှုအား ပြန်လည်ရုပ်သိမ်းရန် နှင့် ရှမ်းလူငယ်ကွန်ဂရက်မှ SSJAC နှင့် တစ်သားတည်း ရပ်တည်ကြောင်း စာအတွင်းရေးသားထားသည်။