
ကိုဖြိုး-(NP News)နိုဝင်ဘာ-၁
ဧရာ၀တီတိုင်းအတွင်၌ မိုးစပါးရိတ်သိမ်းချိန်၊ ဆောင်းသီးနှံစိုက်ချိန် ရောက်နေသော်လည်း တရားဝင်စက်သုံးဆီအလွယ်တကူ ဝယ်မရခြင်းနှင့် စျေးတက် နေခြင်းတို့ကြောင့် တောင်သူများ အခက်အခဲကြုံနေကြရကြောင်းသိရသည်။
“ဆီကလည်း ဝယ်မရဘူး အခု၊ နည်းနည်းစျေးတက်လာတယ်ဆိုရင် မရောင်းတော့ဘူး။ ပြင်ပပေါက်စျေးအတိုင်း လည်း ဝယ်မရဘူး။ စျေးတွေကလည်း ဆိုင်သေးတွေရောင်းတာတမျိုး၊ ဆိုင်ကြီးတွေ ရောင်းတာက တမျိုး၊ သူတို့ပါး စပ်ထဲ ရှိတာ လျှောက်ပြောတာပေ့ါဗျာ။ မရှိတော့လည်း ဝယ်သုံးရတာပဲလေ” ဟု မြန်အောင်မြို့နယ်မှ တောင်သူတစ်ဦးဖြစ်သည့် ဦးအောင်က ပြောသည်။
လက်ရှိတွင် မတ်ပဲ၊ ငရုတ်စသည့်ဆောင်းသီးနှံများ စိုက်ပျိုးဖို့ ထွန်ယက်ကြရမယ့်အချိန်ဖြစ်ပြီး မိုးစပါးခင်းများသည်လည်း ရိတ်သိမ်းရတော့မည့်အချိန်ဖြစ်သည်။
ယင်း အခြေအနေတွင် စက်သုံးဆီ ဝယ်ရခက်ခြင်း၊ စျေးတက်နေခြင်းကြောင့် စပါးခြွေလှေ့ ရိတ်သိမ်းခများပါ စျေးလိုက်တက်နေခြင်းဖြစ်သည်။
အလားတူ ဆောင်းသီးနှံစိုက်မည့် တောင်သူတွေမှာလည်း ဆီဝယ်မရကသောကြောင့့်် တောင်သူအချို့ မထွန်ယက်နိုင်ကြသေးကြောင်း သိရသည်။
“အခု ရက်ထဲ တစ်ဂါလံကို နှစ်သောင်းခွဲ၊ နှစ်သောင်း ရှစ်ထောင်ရှိတယ်။ တစ်ပီပါစျေးဆိုလည်း ဟိုးနေ့က လှမ်းမေးတာ ၁၇ (သိန်း)၊ ၁၇ ခွဲ၊ အခုက (၁၉)သိန်း လောက်ဖြစ်နေပြီ”လို့ တောင်သူတစ်ဦးကပြောသည်။
စက်သုံးဆီရှားပါးမှုတွေဖြစ်လာပြီးနောက် ဆီဆိုင်များကို ယခင်ကဲ့သို့ ဆီအပြည့်ထုတ်မ ရောင်းတော့ဘဲ ပမာဏလျော့ရောင်းနေခြင်းဖြစ်သည်။
စက်သုံးဆီဆိုင်ကြီးများသည်ဟာ ရရှိထားသည့်ခွဲတမ်းဆီများမှ အများစုကို မှောင်ခိုစျေးနှင့် ပြန်ရောင်းသည့် ပြင်ပဆိုင် များသို့ ပြန်ရောင်းနေကြခြင်းကြောင့် ယခုကဲ့သို့ စျေးအဆမတန်တက်နေရခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။
စက်သုံးဆီမှောင်ခိုထုတ်ရောင်းသူ အများအပြားရှိတာကြောင့် မိုးဦးကာလ လယ်သမားများ လယ်စထွန်ကြရမည့်အချိန်တုန်းကာလကလည်း စက်သုံးဆီတစ်လီတာလျှင် ကျပ်ခြောက်ထောင်ဝန်းကျင်ထိ စျေးတက်ခဲ့ကြောင်းသိရသည်။