
ထိုက်စံ(NP News)-နိုဝင်ဘာ ၁
လူမှုဖူလုံရေးအဖွဲ့မှ အကျုံးဝင်အာမခံအလုပ်သမား (၁ ဒသမ ၃၇) သန်းခန့်၏ ကျန်းမာရေးစောင့်ရှောက်မှုများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း လူမှုဖူလုံရေးအဖွဲ့၏ အချက်အလက်များအရ သိရသည်။
လူမှုဖူလုံရေးအဖွဲ့အနေဖြင့် မြို့နယ်ပေါင်း (၁၃၆) မြို့နယ်ရှိ အကျုံးဝင်အာမခံအလုပ်သမား (၁ ဒသမ ၃၇) သန်းခန့်၏ ကျန်းမာရေးစောင့်ရှောက်မှုများကို ဆောင်ရွက်ပေးလျက်ရှိသည့်အပြင် ရွေ့လျားဆေး ကုသယာဉ်(၄)စီးဖြင့် ခရီးစဉ်များ ရေးဆွဲ၍ စက်ရုံ၊ အလုပ်ဌာနအရောက် ကွင်းဆင်းဆေးကုသခြင်းကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်လျက်ရှိရာ ပြီးခဲ့သည့် ဧပြီလမှ စက်တင်ဘာလအထိ ရန်ကုန်တိုင်းဒေသကြီး၌ အာမခံအလုပ်သမား (၃၂၈၉၉) ဦး၊ မန္တလေးတိုင်းဒေသကြီး၌ အာမခံအလုပ် သမား (၁၆၁၄၀)၊ နေပြည်တော်ကောင်စီနယ်မြေ၌ အာမခံအလုပ်သမား (၁၁၆၀၃) ဦး၊ ပဲခူးတိုင်းဒေသကြီး၌ အာမခံအလုပ်သမား(၁၀၇၈၇) ဦး၊ စစ်ကိုင်း တိုင်းဒေသကြီး၌ အာမခံအလုပ်သမား (၁၆၇၉) ဦးနှင့် ဧရာဝတီတိုင်းဒေသကြီး၌ အာမခံအလုပ်သမား (၁၁၀၉၉) ဦးတို့အား စက်ရုံ၊ အလုပ်ဌာနအရောက် ကွင်းဆင်းဆေးကုသမှုကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ယမန်နေ့(အောက်တိုဘာ ၃၁ ရက်)မွန်းလွဲပိုင်းက အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်သည် တာဝန်ရှိသူများနှင့်အတူ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (တောင်ပိုင်း)စက်မှုဇုန်ရှိ Shwe Thandar International Co.,ltd. စားသောက်ကုန်စက်ရုံနှင့် Hitachi Soe Electric & Machinery Co.,ltd. များရှိ စက်ရုံတာဝန်ရှိသူများ၊ အလုပ်သမားရေးရာ လုပ်ငန်းညှိနှိုင်းရေး ကော်မတီဝင်၊ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးကော်မတီ နှင့် အလုပ်သမားများအား သွားရောက်တွေ့ဆုံခဲ့ကြောင်း ထုတ်ပြန်ထားသည်။
ထို့ပြင် စက်ရုံများရှိ အာမခံအလုပ်သမားများအား လူမှုဖူလုံရေးအဖွဲ့ပိုင် ရွေ့လျား ဆေးကုသယာဉ်ဖြင့် အထူးကုဆရာဝန်ကြီးများ ပါဝင်သော ဆေးကုသရေးအဖွဲ့က စက်ရုံအရောက် ကွင်းဆင်းဆေးကုသပေးနေမှုကို ကြည့်ရှုအားပေးခဲ့ပြီး ကွင်းဆင်းဆေးကုသမှုကို အလုပ်သမား ဆေးရုံကြီးများမှ အထွေထွေရောဂါ အထူးကုဆရာဝန်များ၊ သားဖွားမီးယပ်၊ အရိုး၊ မျက်စိနှင့် ကိုယ်အင်္ဂါ ပြန်လည်သန်စွမ်းရေး အထူးကုဆရာဝန်များပါဝင် သော ဆေးကုသရေးအဖွဲ့က စက်ရုံနှစ်ရုံမှ အာမခံ အလုပ်သမား (၄၅၀) တို့အား ဆေးကုသမှုဝန်ဆောင်မှုများ၊ ECG ဖြင့် နှလုံးစစ်ဆေးမှုများ၊ ဓာတ်ခွဲစစ်ဆေးမှု များ၊ ဆေးဝါးများနှင့် မျက်မှန်များကို ထောက်ပံ့ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။