NP News

အမျိုးသား ကန်တော်ကြီးဥယျာဉ်(ပြင်ဦးလွင်)၏ ရုက္ခသိပ္ပံဆိုင်ရာ ပိုမိုဖွံ့ဖြိုးတိုးတက်ရေးအတွက် စီမံကိန်းတစ်ရပ်ချမှတ်၍ ဆောင်ရွက်သွားမည်

စော(NP News)-နိုဝင်ဘာ ၁
မန္တလေးတိုင်းဒေသကြီး၊ မေမြို့ရှိ အမျိုးသားကန်တော်ကြီးဥယျာဉ်၏ ရုက္ခသိပ္ပံဆိုင်ရာ ပိုမိုဖွံ့ဖြိုးတိုးတက်ရေးအတွက် စီမံကိန်းတစ်ရပ်ချမှတ်၍ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
အမျိုးသားကန်တော်ကြီးဥယျာဉ်သည် သစ်တောဦးစီးဌာန၏ လမ်းညွှန်မှုနှင့်အတူ တရုတ်ပြည်သူ့သမ္မတ နိုင်ငံ၊ တရုတ်သိပ္ပံအကယ်ဒမီ (CAS)၊ စစ်ဆောင်ပနားအပူပိုင်းရုက္ခဗေဒဥယျာဉ် (XTBG) နှင့် ပူးပေါင်း၍ ဥယျာဉ်အတွင်း အပင်မျိုးစိတ်စာရင်းကောက်ယူခြင်း၊ မျိုးစိတ်ခွဲခြားခြင်း၊ အပင်အမည် (Tree label) များ အသစ်တပ်ဆင်ခြင်းနှင့် Checklist စာအုပ်ထုတ်ဝေနိုင်ရေးတို့အတွက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ လုပ်ငန်းများအား အရှိန်အဟုန်မပြတ် ဆောင်ရွက်နိုင်ရေးနှင့် ရှေ့ဆက်ပူးပေါင်း ဆောင်ရွက်နိုင်မည့် လုပ်ငန်းများနှင့်ပတ်သက်၍ ဥယျာဉ်မှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးနိုင်ရန် XTBG-CAS မှ Director General ဖြစ်သူ Dr. Yao Wu Xing ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ပြီးခဲ့သည့် (အောက်တိုဘာ ၃၀ရက်)နေ့က အမျိုးသားကန်တော်ကြီးဥယျာဉ်သို့ လာရောက်ခဲ့ကြကြောင်း သိရသည်။
ထိုသို့လာရောက်ရာတွင် အမျိုးသားကန်တော်ကြီးဥယျာဉ် အုပ်ချုပ်ရေးမှူးမှ ဥယျာဉ်ဆိုင်ရာနှင့် ရုက္ခသိပ္ပံဆိုင်ရာ ပူးပေါင်းဆောင်ရွက်နိုင်မည့် လုပ်ငန်းနယ်ပယ်များအား ရှင်းလင်းတင်ပြခဲ့ပြီး ၎င်းတို့ဘက်မှလည်း နှစ်ဘက်ပူးပေါင်းဆောင်ရွက်သွားနိုင်မည့် လုပ်ငန်းများနှင့်ပတ်သက်၍ သိလိုသည်များ မေးမြန်းကာ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
အမျိုးသား ကန်တော်ကြီးဥယျာဉ်၏ ရုက္ခသိပ္ပံ (Botanical science) ဆိုင်ရာ ပိုမိုဖွံ့ဖြိုးတိုးတက်ရေးအတွက် စီမံကိန်းတစ်ရပ်ချမှတ်၍ အကောင်အထည်ဖော်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်သည်ကို ဆွေးနွေးနိုင်ခဲ့ကြောင်း သိရသည်။
လက်ရှိ ပူးပေါင်းဆောင်ရွက်မှု အစိတ်အပိုင်းတစ်ရပ်အဖြစ် XTBG မှ ကန်တော်ကြီးဥယျာဉ်အတွင်း အသစ်တပ်ဆင်ပေးမည့် အပင်အမည် (tree label) နမူနာပုံစံများအား ပေးအပ်ခဲ့ကြောင်း သိရသည်။

မူရင်းသတင်း — NP News