
သုတ (မကွေး)-နိုဝင်ဘာ ၁
မြန်မာတို့၏ ရိုးရာယဉ်ကျေးမှုနှင့် ဗုဒ္ဓဘာသာဆိုင်ရာ အစဉ်အလာများကို ဖော်ထုတ်ပြသသည့် သမိုင်းဝင် မြသလွန်စေတီတော်မြတ်ကြီး၏(၂၅၉၀) ကြိမ်မြောက်ဗုဒ္ဓပူဇနိယဘုရားပွဲတော်ကြီးကို နှစ်စဥ်သီတင်းကျွတ်လဆန်း ( ၁၀ )ရက်မှ တန်ဆောင်မုန်းလဆန်း (၆) ရက်နေ့အထိရက်ပေါင်း (၂၆ )ရက်အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်လျက်ရှိကြောင်း သိရသည်။
မြသလွန်ဘုရားပွဲတော်ကြီးသည် နှစ်စဉ် ဘုရားဖူးပြည်သူများ၊ ဒေသခံပြည်သူများနှင့် အနယ်နယ်အရပ်ရပ်မှ လာရောက်ကြသူများဖြင့် စည်ကားလေ့ရှိသည့် ဘာသာရေးပွဲတော်တစ်ခုဖြစ်သည်နှင့်အညီ ဘုရားပွဲတော်ကာလအတွင်း သီတင်းကျွတ်လပြည့်နေ့တွင် သမိုင်းအစဉ်အလာရှည်လျားပြီး ထူးခြားသည့် အစီအစဉ်တစ်ရပ်အနေဖြင့် ပန်း(၉၀၀၀)၊ နံ့သာကိုး(၉၀၀၀)နှင့် ဆီမီး(၉၀၀၀)တို့ကို ဆက်ကပ်ပူဇော်ကြပြီး ဘုရားဖူးပြည်သူများကလည်း ကြည်ညိုသဒ္ဓါစိတ်ဖြင့် လာရောက်ဖူးမြော်ကြသဖြင့် ဘုရားပွဲတော်ဈေးတန်းတစ်လျှောက်၊ ဘုရားရင်ပြင်တော်တဝိုက် ကြက်ပျံမကျစည်ကားလျက်ရှိသည်ကိုတွေ့မြင်ရသည် ။
(၂၅၉၀) ကြိမ်မြောက် ယခုနှစ် မြသလွန်ဘုရားပွဲတော်တွင် ထူးခြားမှုတစ်ခုအနေဖြင့် ရောင်စုံမီးပုံးပျံကြီးများကိုလည်း လွှတ်တင်ပူဇော်သည့် အစီအစဉ်များ ပါဝင်လာခဲ့သည်။ ကောင်းကင်ယံသို့ တဖြည်းဖြည်း မြင့်တက်သွားသည့် လှပခမ်းနားသော မီးပုံးပျံကြီးများကို ဒေသခံပြည်သူများနှင့် ဘုရားဖူးလာရောက်သူများက စိတ်ဝင်တစား ကြည့်ရှုအားပေးကြသည့်မြင်ကွင်းများကလည်း အညာဒေသတွင် မြင်တွေ့ရခဲသည့်အတွက်ကြောင့် မြင်တွေ့လိုက်ရသူတိုင်းအတွက် မမေ့နိုင်ဖွယ် ကြည်နူးစရာမြင်ကွင်းများဖြစ်သည်။မီးပုံးပျံလွှတ်တင်သည့် မြင်ကွင်းများကြောင့် ယခုနှစ် ဘုရားပွဲတော်၏ အလှအပနှင့် ပွဲတော်အငွေ့အသက်တို့မှာ ပိုမိုထူးခြားစည်ကားလာခဲ့သည်။
ဒေသခံပြည်သူများ၊ ဘုရားဖူးလာရောက်သူများအနေဖြင့် ဘာသာရေးဆိုင်ရာ ကုသိုလ်ပြုမှုများ၊ မြသလွန်ဘုရားပွဲတော်ကြီး၏ သမိုင်းအစဉ်အလာများ၊ မြန့်မာရိုးရာယဉ်ကျေးမှုအမွေအနှစ်များ၊ ရောင်စုံမီးပုံပျံကြီးများကို တပြိုင်နက်ထဲကြည့်ရှု့ခံစားခွင့်ရရှိစေသည့် အခွင့်အရေးတစ်ရပ်လည်းဖြစ်ခဲ့သည်။
မြသလွန်စေတီတော်မြတ်ကြီးကို မကွေးမြို့အစွန်၊ ဧရာဝတီမြစ်ကမ်းနံဘေးရှိ နဂုတ္တမတောင်ပေါ်တွင် တည်ထားကိုးကွယ်ထားခြင်း ဖြစ်ပြီး မြတ်စွာဘုရားရှင် သက်တော်ထင်ရှားရှိစဉ် သက်တော် (၆၀)၊ ဝါတော် (၄၀)၊ မဟာသက္ကရာဇ် (၁၂၈) ခုနှစ်မှာ ယခုလက်ရှိ မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့ ကေလာသဖတောင်တော်မြတ် ယခုစက္ကိန်းတဲစေတီတော်တည်ရှိရာနေရာမှာ ကျိန်းစက်တော်မူခဲ့စဥ် မြသားသလွန်တော်ကို ဧရာဝတီမြစ်အရှေ့ဘက်ကမ်းမှ ဘောသော၊ ဘောကျော်အစရှိတဲ့ ဘီလူးညီနောင်တို့ကို ဘုရားရှင်ကိုယ်စားကိုးကွယ်ရန် စွန့်ကျဲခဲ့ရာမှစတင်ပြီး မြသလွန်စေတီမြတ်ကြီးဖြစ်ပေါ်လာခဲ့သည်ဟု သမိုင်းမှတ်တမ်းများအရ သိရှိရသည်။
ယခုနှစ်ကျင်းပပြုလုပ်သည့် (၁၃၈၈)ခုနှစ် မြသလွန်စေတီတော်မြတ်ကြီး၏ (၂၅၉၀) ကြိမ်မြောက် ဗုဒ္ဓပူဇနိယဘုရားပွဲတော်ကြီးကို ယခင်နှစ်များနှင့်မတူအောင်ကျင်းပပြုလုပ်ပေးသည့်အတွက် ဒေသခံပြည်သူများ၊ ဘုရားဖူးပြည်သူများ ရင်သပ်ရှု့မောဖွယ် မီးပုံပျံအလှများကို မြသလွန်ဘုရားပွဲတော်ကြီးနှင့်အတူ ရှု့မြင်ခံစားနိုင်ဖို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်ဖြင့် အစိုးရအဖွဲ့တာဝန်ရှိသူများက စေတနာ မေတ္တာ၊ ရှေ့ထားပြီး ကြည်ညိုသဒ္ဓါပွားနိုင်စေရန် စီစဉ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

