NP News

လေထုဖြစ်စဉ်များမှာ အားအလွန်ကောင်းသောအယ်လ်နီညိုအခြေအနေတွင် ဆက်လက်တည်ရှိနေ

စော (NP News) - ‌နိုဝင်ဘာ ၁

လေထုဖြစ်စဉ်များမှာ အားအလွန်ကောင်းသောအယ်လ်နီညိုအခြေအနေတွင် ဆက်လက်တည်ရှိနေကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ယနေ့(နိုဝင်ဘာ ၁ ရက်) တွင် အသိပေးထုတ်ပြန်ထားသည်။
ကမ္ဘာ့မိုးလေဝသအဖွဲ့ချုပ်နှင့် နိုင်ငံတကာ ရာသီဥတုဗဟိုဌာနများ၏ ထုတ်ပြန်ချက်များကိုအခြေခံ၍ ခန့်မှန်းသုံးသပ်ချက်များအရ အီကွေတာအနီးရှိ အပူပိုင်းပစိဖိတ်သမုဒ္ဒရာ (Tropical Pacific Ocean)၏ ပင်လယ်ရေမျက်နှာပြင်အပူချိန်မှာ ပုံမှန်အပူချိန်အထက်သို့ (၂ ဒသမ ၅) ဒီဂရီဆဲလ်စီးယပ်မှ (၂ ဒသမ ၈) ဒီဂရီဆဲလ်စီးယပ်အထိ ပိုနေကြောင်း သိရသည်။

ထို့ပြင် လေထုဖြစ်စဉ်များမှာ အားအလွန်ကောင်းသောအယ်လ်နီညိုအခြေအနေ တွင် ဆက်လက်တည်ရှိနေပြီး ယခု နိုဝင်ဘာလနှင့် ဒီဇင်ဘာလများတွင် အယ်လ်နီညို အမြင့်ဆုံးအခြေအနေသို့ ရောက်ရှိနိုင်ကြောင်း မိုးဇလမှ ခန့်မှန်းထားသည်။
အယ်လ်နီညိုဖြစ်စဉ်သည် ပစိဖိတ်သမုဒ္ဒရာတွင် ဖြစ်ပေါ်သည့်ဖြစ်စဉ်ဖြစ်သော်လည်း အကျိုးသက်ရောက်မှုမှာ မိုးရွာသွန်းမှုပုံစံ မူမမှန်ခြင်း၊ မုန်တိုင်းဖြစ်ပေါ်မှုများ မူမမှန်ခြင်း၊ လာမည့် ဆောင်းရာသီနှင့် နွေရာသီကာလများတွင် အပူချိန်များ မြင့်မားခြင်း၊ မိုးခေါင် ရေရှားခြင်း စသည့် အစွန်းရောက် မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်ကြောင်း သိရသည်။
အယ်လ်နီညိုကြောင့် လာမည့် ဆောင်းရာသီနှင့် နွေရာသီကာလများ၌ အပူချိန် မြင့်မားခြင်းနှင့် ရေရှားပါးမှုများ ဖြစ်ပေါ်လာနိုင်ပြီး မြစ်ချောင်း၊ အင်းအိုင်၊ ရေတွင်း၊ ရေကန်များတွင် ရေနည်းပါးနိုင်ခြင်း၊ သောက်သုံးရေနှင့် စိုက်ပျိုးရေ ပြတ်လပ်ခြင်း၊ ရေမလုံလောက်မှုများ ဖြစ်ပေါ်လာနိုင် ခြင်း၊ အပူရှပ်ခြင်း၊ ရေဓာတ်ခမ်းခြောက်ခြင်း၊ ရေရှားပါးမှုမှတစ်ဆင့် ဝမ်းပျက်၊ ဝမ်းလျှောရောဂါဖြစ်ခြင်း၊ ရေလှောင်တမံများတွင် ရေဝင်နည်းပါးခြင်းကြောင့် ရေအားလျှပ်စစ်ထုတ်လုပ်နိုင်မှု လျော့နည်းသွားနိုင်၍ လျှပ်စစ်ဓာတ်အား လိုအပ်ချက် မြင့်မားလာခြင်းတို့ ဖြစ်ပေါ်နိုင်၍ သက်ဆိုင်ရာကဏ္ဍများအလိုက် ကြိုတင်ပြင်ဆင်ဆောင်ရွက်နိုင်ရန် မိုးဇလမှ အသိပေးထုတ်ပြန်ထားသည်။

မူရင်းသတင်း — NP News