NP News

အနုပညာသတင်းများကို စိတ်ဝင်တစားစောင့်မျှော်ဖတ်ရှုသူတို့အတွက် NP New ရဲ့အပတ်စဉ် အနုပညာကဏ္ဍ

အနုပညာသတင်းများကို စိတ်ဝင်တစားစောင့်မျှော်ဖတ်ရှုသူတို့အတွက် NP New ရဲ့အပတ်စဉ် အနုပညာကဏ္ဍကနေ ‘ကွယ်လွန်သူ မင်းသားဒွေး အသုံးပြုခဲ့တဲ့ပစ္စည်းများ လေလံတင်ရောင်းချ၊ မြန်မာ့ရိုးရာနားသမင်္ဂလာပွဲ အခမ်းအနားကို ပုံဖော်ရိုက်ကူးခဲ့တဲ့ ရွှေဆိုင်၊ ဖျော်ဖြေပွဲတွေကိုရပ်နားထားမယ့်စိုင်းစိုင်း} အစရှိတဲ့ အနုပညာဆက်စပ်သတင်းတွေကို ဒီတစ်ပတ်အတွက် ဖော်ပြပေးသွားပါမယ်။
အိဖြူ (NP News) - နိုဝင်ဘာလ ၁

ဗုဒ္ဓဘာသာဝင်တို့ရဲ့ မွန်မြတ်လှတဲ့ ရှင်ပြု၊ နားသ အလှူမင်္ဂလာပွဲကို ပုံဖော်ရိုက်ကူးပြသခဲ့တဲ့ ရွှေဆိုင်

မြန်မာတို့ရဲ့ထေရဝါဒဗုဒ္ဓဘာသာဝင်တို့အလေးထားရာ မွန်မြတ်တဲ့အလှူမင်္ဂလာတစ်ရပ်ဖြစ်တဲ့ ရှင်ပြု၊ နားသ အလှူတော်မင်္ဂလာပွဲအခမ်းအနားကို မြန်မာတို့တန်ဖိုးထားရာ ရွှေလက်ဝတ်ရတနာအဆင်တန်ဆာတွေနဲ့ပေါင်းစပ်ကာ ခမ်းနားကြီးကျယ်လှတဲ့အလှူမင်္ဂလာပွဲကြီးတစ်ခုအဖြစ် ရိုက်ကူးတင်ဆက်ထားတဲ့ ဝိန့်ဖူး စိန်ရွှေရတနာဆိုင်ရဲ့ ကြော်ငြာ မြင်ကွင်းတွေက ကြည့်ရှုမိသူတိုင်းရဲ့ရင်ထဲကို ကြည်နူးပီတိဖြစ်ပေါ်စေခဲ့တာ အမှန်ပါ။ ဗုဒ္ဓဘာသာဝင်တိုင်းဟာ မိဘ နေရာကိုရောက်ရှိလာချိန်မှာ ၎င်းတို့ရဲ့သားငယ်၊ သမီးငယ်လေးတွေ ဆယ်ကျော်သက်အရွယ်ကိုရောက်လာပါက ရှင်ပြု ပေးခြင်း၊ နားသပေးခြင်းစတဲ့ ရဟန်းခံရှင်ပြုအလှူမင်္ဂလာပွဲအခမ်းအနားကို စည်းကားသိုက်မြိုက်စွာကျင်းပ ပေးစေလို တာ ဗုဒ္ဓဘာသာဝင်မိဘတိုင်းရဲ့စိတ်ကူးအိပ်မက်ဆန္ဒတစ်ခုဆိုလည်း မမှားပါဘူး။

အခုသီတင်းပတ်အတွင်း အသစ်ထွက်ရှိထားတဲ့ ဝိန့်ဖူးစိန်ရွှေရတနာဆိုင်ရဲ့ကြော်ငြာမှာ ထပ်ဆင့်အကယ်ဒမီ ပြေတီဦးနဲ့ထပ်ဆင့်အကယ်ဒမီ အိန္ဒြာကျော်ဇင်တို့ရဲ့ သမီးလေး ပြေသုဒြာနဲ့ တူမဖြစ်သူ မေတိုးခိုင်တို့က အဓိက ပါဝင်ထားပါတယ်။ မြန်မာတို့ရဲ့မွန်မြတ်လှတဲ့သီတင်းကျွတ်အခါသမယ သီတင်းကျွတ်လပြည့်နေ့လေးမှာ အဆိုပါ ရွှေဆိုင်ကြော်ငြာကို ထုတ်လွှင့်ပြသခဲ့ခြင်းဖြစ်ကာ ကြော်ငြာဖန်တီးရိုက်ကူးမှုဒီဇိုင်းအိုင်ဒီယာက မြန်မာတို့ရဲ့ ယဉ်ကျေးမှု ကို ဖော်ကျူးထားတာကြောင့် မှတ်ချက်ကောင်းများစွာ ရေးသားခဲ့ကြပါတယ်။ မေတ္တာဓာတ်တွေလွှမ်းခြုံတဲ့မိသားစုဝင် တွေကြား ရွှေရောင်တို့ရဲ့ဝင်းဝါလင်းလက်မှု၊ မြန်မာ့ဝတ်စုံရဲ့ခံ့ညားမှု ရွှေထည်လက်ရာတွေရဲ့တင့်တယ်မှုနဲ့ အ ပြုံးတစ်ပွင့် စီရဲ့နွေးထွေးမှုတွေက မြင်သူတိုင်းရဲ့ရင်ထဲမှာ ကြည်နူးစရာအလှတရားတစ်ခုကိုဖန်တီးပေးနိုင်ခဲ့တာကြောင့် ချီးကျူးခဲ့ ကြခြင်းဖြစ်ပါတယ်။ ရွှေဆိုတာ မြန်မာတို့ ရှေး အစဉ်အဆက်မြတ်နိုးတန်ဖိုးထားခဲ့ကြတဲ့ အဖိုးတန်ရတနာတစ်ပါးဖြစ်ပြီး တန်ဖိုးရှိတဲ့ရွှေကို အနုပညာနဲ့ပေါင်းစပ်ပြီး ခမ်းနားလှပတဲ့ ရှင်ပြု၊ နားသ အလှူမင်္ဂလာပွဲတွေမှာ လက်ဝတ် ရတနာအဆင် တန်ဆာတွေအဖြစ်သာမက မောင်ရင်လောင်းနဲ့ နားသတို့အတွက် လိုအပ်တဲ့အသုံးအဆောင်တွေ အဖြစ်ပါအသုံးပြုနိုင် စေဖို့ ဝိန့်ဖူးက အနုပညာစိတ်ကူးတွေနဲ့ ဂုဏ်ယူစွာ ဖန်တီးတင်ဆက်ခဲ့တာဖြစ်တယ်လို့ သိရှိရပါတယ်။

“ရွှေရောင်လွှမ်းတဲ့ သမိုင်းသစ်တစ်ခုရဲ့အစ”လို့ခေါင်းစဉ်ချီကာ ဝိန့်ဖူးစိန်ရွှေရတနာဆိုင်က မြန်မာနိုင်ငံရဲ့ ထိပ်တန်းရုပ်ရှင်သရုပ်ဆောင် ထပ်ဆင့်အကယ်ဒမီ ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်တို့ကို (၂၀၂၆) ခုနှစ်အတွက် တရားဝင် Brand Ambassadors အဖြစ် မိတ်ဆက်ကြေညာခဲ့ပြီးဖြစ်ကာ သမီးလေးပြေသုဒြာရဲ့ပထမဆုံးအနုပညာ ပွဲဦးထွက် အဖြစ် မိတ်ဆက်ပြသခြင်းဖြစ်ကြောင်းကိုလည်း အသိပေးခဲ့ထားပါတယ်။ မိမိတို့ရဲ့သမီးလေးကို နားသပေးခွင့်ရရှိတဲ့ မိဘနှစ်ပါးရဲ့ကြည်နူးပျော်ရွှင်စရာအခိုက်အတန့်နဲ့ သမီးလေးရဲ့အပြုံးလေးတွေက မိဘနှစ်ပါးစလုံးရဲ့ရင်ကိုအေးမြစေပြီး ကျက်သရေရှိစွာလှပနေမှုကို တွေ့မြင်ခွင့်ရရှိခဲ့ကြပါတယ်။ ဝိန့်ဖူးစိန်ရွှေရတနာဆိုင်က နန်းမူမပျက်တဲ့ မန္တလေးအလှကို အလေးထားပြီး မြန်မာတို့ရဲ့ရှေးရိုးရာထုံးတမ်းစဉ်လာတွေနဲ့အညီ အလှူမင်္ဂလာအခမ်းအနားပွဲကြီးကို စည်ကားသိုက် မြိုက်စွာ ဖန်တီးပုံဖော်ပြသခဲ့တာဖြစ်ပါတယ်။

ကွယ်လွန်သူ မင်းသားဒွေး အသုံးပြုခဲ့တဲ့ ပစ္စည်းများကိုလေလံတင်ရောင်းချခဲ့

ကွယ်လွန်သူ ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီဒွေး ဝတ်ဆင်အသုံးပြုခဲ့တဲ့ အင်္ကျီနှစ်ထည်အပါအဝင် မျက်မှန်နဲ့ ဆွဲသီးတွေကို ဇနီးဖြစ်သူ မမိုးက ရုပ်ရှင်သရုပ်ဆောင် ဖိုးကျော်တို့နဲ့တိုင်ပင်ကာ လေလံတင်ရောင်းချပွဲ ပြုလုပ်ခဲ့ပါတယ်။ ‘အချစ်ရဲ့တန်ခိုးများ’ ရုပ်ရှင်ဇာတ်ကားမှာ မင်းသားဒွေးဝတ်ဆင်ခဲ့တဲ့ ဂျာကင်အင်္ကျီအဖြူရောင်ကို ပထမဦးဆုံးလေလံ တင်ခဲ့ခြင်းဖြစ်ပြီး အဲဒီအင်္ကျီတစ်ထည်လုံးမှာပါဝင်တဲ့ ကနုတ်ပုံစံဒီဇိုင်းတွေက ကိုသားကြီး(ခ)ဒွေးကိုယ်တိုင် ပန်းချီရေး ဆွဲခဲ့တာဖြစ်တယ်လို့သိရပါတယ်။ အဲဒီအဖြူရောင်ဂျာကင်ကို ကြမ်းခင်းဈေး ငွေကျပ် (၁၀)သိန်းနဲ့ အောက်တိုဘာလ (၂၃) ရက်မှာ စတင်ဈေးဖွင့်ခဲ့ပြီး အောက်တိုဘာလ (၂၇) ရက် ည (၈)နာရီအချိန်မှာ လေလံဈေးပိတ်ခဲ့ကာ လေလံပွဲရဲ့ အနိုင်ရရှိသူ(အောင်မြင်သူ)မှာ Chan Thar Family ကဖြစ်ပြီး လေလံအောင်ဈေးမှာ (၇၁)သိန်းကျပ်တိတိဖြစ်ပါတယ်။
‘အချစ်ရဲ့တန်ခိုးများ’ ရုပ်ရှင်ဇာတ်ကားမှာ မင်းသား ဒွေး၊ လွင်မိုးနဲ့ အိန္ဒြာကျော်ဇင်တို့ တွဲဖက်သရုပ်ဆောင်ခဲ့ ကြတာဖြစ်ပါတယ်။ “(၇၁)သိန်းနဲ့ Chan Thar Family က လေလံအောင်ပါတယ်ရှင့်။ ကိုချမ်းသာ မိသားစု ကျေးဇူး အထူးတင်ပါတယ်။ ဒီထက်မက စီးပွားလာဘ်လာဘတွေ တိုးတက်ပြီး၊ အလှူကြီး နောက်တစ်ခါ ထပ်လုပ်နိုင်ပါစေ။ ချစ်ခြင်းများစွာဖြင့် ကိုသားကြီး (Dway) ကိုယ်စား မမိုး”လို့ မင်းသားဒွေးရဲ့ဇနီးဖြစ်သူ မမိုးက သူရဲ့ Tik Tok အကောင့်မှာ ရေးသားဖော်ပြခဲ့ပါတယ်။
လေလံတင်ရောင်းချခဲ့တဲ့နောက်ထပ်အင်္ကျီတစ်ထည်မှာ လွင်မိုး၊ ထွန်းအိန္ဒြာဗိုလ်၊ ထက်ထက်မိုးဦးတို့နဲ့အတူ သရုပ်ဆောင်ထားတဲ့ ‘မောင့်မူပိုင်ရှင်’ဇာတ်ကားမှာ အကယ်ဒမီဒွေး(ခ)ကိုသားကြီးဝတ်ဆင်ခဲ့တဲ့ အဖြူရောင် ပြောင်ရှပ် အင်္ကျီတစ်ထည်၊ Free size Cheq brand အသားပျော့ကြယ်သီးဖုံးလည်ကတုံးအင်္ကျီဖြစ်ပြီး၊ ကြမ်းခင်း ဈေးနှုန်း (၇)သိန်းနဲ့ အောက်တိုဘာလ (၂၃) ရက်မှာ စတင်ဈေးဖွင့်ခဲ့ကာ အောက်တိုဘာလ (၂၇) ရက် ည (၈)နာရီအချိန်မှာ လေလံပိတ်သိမ်းခဲ့ကာ အနိုင်ရရှိသူ(အောင်မြင်သူ)မှာ အမည်မဖော်လိုသူတစ်ဦးဖြစ်ပြီး၊ အနိုင်ရရှိတဲ့ လေလံဈေးနှုန်းမှာ (၂၇)သိန်းကျပ်တိတိနဲ့ ဝယ်ယူနိုင်ခဲ့ခြင်းဖြစ်ပါတယ်။
ဒါ့အပြင် မင်းသားဒွေး မျက်လုံးပါဝါဒီဂရီအတိုင်း ပြုလုပ်တပ်ဆင်ခဲ့တဲ့ D&G ပါဝါမျက်မှန်ကို ငွေကျပ် (၆)သိန်းနဲ့ ဦးသူယူစနစ်နဲ့ရောင်းချပေးခဲ့ပြီး၊ လော့ကတ်ကို ငွေကျပ် (၄)သိန်း(၅)သောင်းကျပ်၊ ဆွဲသီးအသေးကို (၁)သိန်းကျပ်၊ လေးထောင့်ပုံစံဆွဲသီးကို ငွေကျပ် (၃)သိန်း၊ သော့ပုံစံဆွဲသီးကို ငွေကျပ် (၁)သိန်း(၅)သောင်းကျပ်၊ ဆွဲပြား အရှည် ပုံစံဆွဲသီးကို ငွေကျပ် (၃)သိန်း(၅)သောင်းကျပ်စတဲ့ ဈေးနှုန်းအသီးသီးသတ်မှတ်ကာ မင်းသားဒွေး ဝတ်ဆင်အသုံး ပြုခဲ့တဲ့ပစ္စည်းတချို့ကို ရယူသိမ်းဆည်းထား ချင်သူတွေအတွက် လေလံတင်ဈေးနှုန်းမဟုတ်ဘဲ ဦးရာလူရစနစ်နဲ့ ရောင်းချပေးခဲ့တာဖြစ်ပါတယ်။

“ချယ်ရီပျိုးတဲ့ ဆောင်း” ရုပ်ရှင်ရိုက်ကူးဖို့အတွက် ဂီတဖျော်ဖြေပွဲတွေအားလုံးကိုရပ်နားထားမှာဖြစ်ကြောင်း စိုင်းစိုင်းခမ်းလှိုင် အသိပေး

အကယ်ဒမီ စိုင်းစိုင်းခမ်းလှိုင်က ‘ချယ်ရီပျိုးတဲ့ဆောင်း’ ရုပ်ရှင်ဇာတ်ကားရိုက်ကူးဖို့ပြင်ဆင်နေတာကြောင့် ဂီတဖျော်ဖြေပွဲအားလုံးကို ရပ်နားထားမှာဖြစ်ကြောင်း တရားဝင်အသိပေးခဲ့ပါတယ်။ စိုင်းစိုင်းခမ်းလှိုင်နဲ့နော် ဖောအယ် ထားတို့ ပထမဆုံးအကြိမ် အတူတူတွဲဖက်သရုပ်ဆောင်ရိုက်ကူး မယ့်ရုပ်ရှင်ဇာတ်ကားဖြစ်ပြီး နော်ဖောအယ်ထားအနေနဲ့ လွန်ခဲ့တဲ့(၁၀)နှစ်ဝန်းကျင်က ‘ချစ်သူသာ ပန်းတစ်ပွင့်ဖြစ်ခဲ့လျှင်’ ရုပ်ရှင်ဇာတ်ကား တောင်ကြီးမြို့ မှာလာရောက်ရိုက်ကူး ခဲ့စဉ်က တစ်ချိန်ချိန်မှာ မင်းသား စိုင်းစိုင်းခမ်းလှိုင်နဲ့အတူ တွဲဖက်သရုပ်ဆောင်လိုကြောင်း စိတ်ဆန္ဒဖြစ်ခဲ့ကြောင်းနဲ့ ရှမ်းပြည်နယ်ရဲ့အလှအပကို ရုပ်ရှင်ဖန်တီးမှုကနေတစ်ဆင့် ထုတ်ဖော်ပြသလိုကြောင်း စိတ်ကူးရှိခဲ့ဖူးကြောင်း စာနယ် ဇင်းမီဒီယာမိတ်ဆက်ပွဲမှာထုတ်ဖော်ပြောပြခဲ့ပါတယ်။ “တောင်ကြီးတန်ဆောင်တိုင် မီးပုံပျံပွဲတော် နောက်ခံဇာတ်လမ်း ‘ချယ်ရီပျိုးတဲ့ဆောင်း’ ရိုက်ကူးဖို့အတွက် ဂီတဖျော်ဖြေပွဲတွေ ခေတ္တခဏ နားပါမယ်ခင်ဗျာ။ တောင်ကြီးဒေသ ရိုးရာယဉ်ကျေးမှုတွေ နောက်ခံထားပြီး သံယောဇဉ်တွေ၊ အချစ်တွေ၊ အတ္တမာနတွေနဲ့ ကြည်နူးဆွတ်ပျံ့ လွမ်းမောဖွယ်ရာ ကြိုးစားဖန်တီးကြပါမယ်”လို့ စိုင်းစိုင်းက အသိပေးထားပါတယ်။ ဒီဇာတ်ကားကို တောင်ကြီးမြို့မှာ အဓိက သွားရောက်ရိုက်ကူးမှာဖြစ်ပြီး တောင်ကြီးရဲ့အထင်ကရရိုးရာပွဲတော်တစ်ခုဖြစ်တဲ့ ‘တန်ဆောင်တိုင် မီးပုံးပျံပွဲတော်’ကိုပါ ထည့်သွင်းရိုက်ကူးသွားမှာဖြစ်တယ်လို့ သိရပါတယ်။
‘ချစ်သူသာ ပန်းတစ်ပွင့်ဖြစ်ခဲ့လျှင်’ ရုပ်ရှင်ဇာတ်ကားမှာ ရှမ်းပြည်နယ်ရှိ အင်းလေးဒေသရဲ့ရိုးရာယဉ်ကျေးမှုနဲ့ သဘာဝအလှအပတွေကို အခြေခံရိုက်ကူးထားတာဖြစ်ခဲ့ပေမယ့် သူက မြို့ကြီးသားအဖြစ် ပါဝင်သရုပ်ဆောင်ခဲ့ တာမျိုး ဖြစ်ပြီး အခုတစ်ခေါက်မှ‌ာတော့ တောင်ကြီးသားအဖြစ် ပါဝင်ခွင့်ရရှိခဲ့တာဖြစ်တယ်လို့ စိုင်းစိုင်းခမ်းလှိုင်ကဆို ထားပါ တယ်။ ‘ချယ်ရီပျိုးတဲ့ဆောင်း’ရုပ်ရှင်ကို FRENZO PRODUCTION က စီစဉ်ပြီး ထုတ်လုပ်ရိုက်ကူးသွားမှာဖြစ်ကာ ဇာတ်òန်း မယ်ခိုင်၊ ဒါရိုက်တာ ကောင်းဇံ၊ ထပ်ဆင့်အကယ်ဒမီ လွင်မိုး၊ အကယ်ဒမီ စိုင်းစိုင်းခမ်းလှိုင်၊ စိုင်းစည်တွမ်ခမ်း၊ စိုင်းဘိုဘို၊ ဝင်းခန့်မိုး၊ အကယ်ဒမီ မျိုးသန္တာထွန်း၊ နော်ဖောအယ်ထား၊ ယွန်းဝတီလွင်မိုး၊ မြတ်ရတနာကျော်နဲ့ အနုပညာ ရှင်များစွာ ပါဝင်သရုပ်ဆောင်ကြမှာဖြစ်ကာ စာနယ်ဇင်းမီဒီယာမိတ်ဆက်ပွဲအခမ်းအနားကို အောက်တိုဘာလ (၂၄) ရက်က ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

ဒီတစ်ပတ်အတွက်အနုပညာကဏ္ဍကို ဒီလောက်နဲ့ရပ်နားပါရစေ။

မူရင်းသတင်း — NP News