NP News

တစ်ပတ်အတွင်း မြန်မာ့စီးပွားရေး ဈေးကွက်သုံးသပ်ချက်

ပြည့်ဖြိုး (NP News) - နိုဝင်ဘာလ ၁

ပြည်တွင်းငွေလဲဈေးကွက်အတွင်း နိုင်ငံခြား ငွေလဲဈေးနှုန်းများတည်ငြိမ်နေပြီး အမေရိကန်တစ်ဒေါ်လာလျှင် (၄၆၈၅)ကျပ်ဖြင့် ယခင်တစ်ပတ်ကအတိုင်း အပြောင်းအလဲနည်းပါးစွာ ရပ်တည်နေသည်။ ထို့သို့ နိုင်ငံခြားငွေလဲဈေးနှုန်း များတည်ငြိမ်နေခြင်းမှာ ဗဟိုဘဏ်၏ နိုင်ငံခြားငွေများ ဆက်တိုက်ထုတ်ရောင်းနေ ခြင်းကြောင့်ဖြစ်သည့်အပြင် ကုန် သွယ်ရေးလုပ်ငန်းအတွင်း ပြင်ပငွေလဲနှုန်းကို အသုံးပြုမှုနည်းပါးလာခြင်းကြောင့်ဖြစ်သည်။
ပို့ကုန်/သွင်းကုန်လုပ်ငန်းများအတွက် လိုအပ်သောနိုင်ငံခြားငွေကို ဈေးကွက်အတွင်းမှ ဝယ်ယူခြင်း နည်းပါးပြီး ဗဟိုဘဏ်၏ အွန်လိုင်း FIX အရောင်းအဝယ်မှ နိုင်ငံခြားငွေများ လွှဲပြောင်းရောင်းချနေခြင်းတို့ကြောင့် နိုင်ငံခြား ငွေလဲ ဈေးနှုန်းများ တည်ငြိမ်နေခြင်းဖြစ်သည်။ စက်သုံးဆီနှင့်စားအုန်းဆီဈေးနှုန်းများမှာလည်း ယခင်တစ်ပတ်က ဈေးနှုန်း များဖြင့်သာ အရောင်းအဝယ်ပြုလုပ်နေကြပြီး ဈေးနှုန်းအကျဈေးဖြင့် ဈေးကွက်ပေါက်ဈေးဖွင့်လှစ်ထားကြောင်း သိရ သည်။
ထူးခြားချက်အနေဖြင့် အိမ်ခြံမြေနှင့်ကားဈေးကွက်သည် ဈေးနှုန်းများမြင့်တက်နေသော်လည်း အရောင်း အဝယ်နည်းပါးကြောင်း အကျိုးဆောင်ပွဲစား များထံမှသိရသည်။ ရန်ကုန်မြို့တွင် အရောင်းအဝယ် အကောင်းဆုံး ဖြစ်သော ဒဂုံမြို့သစ်လေးမြို့နယ်မှာပင် အရောင်း/အဝယ် သိသိသာသာနည်းပါးနေခြင်းဖြစ်သည်။ ကားဈေးကွက် အတွင်းတွင်လည်း အိမ်စီးကား နှင့်လုပ်ငန်းသုံးကားနှစ်မျိုးစလုံး ဈေးများမြင့်တက်နေပြီး သိန်း(၅၀ဝ)အောက်ကား မရှိ သလောက် နည်းပါးနေကြောင်းသိရသည်။
ပြည်တွင်းအခြေခံစားသောက်ကုန်များ၏ဈေး နှုန်းများသည်လည်း ဈေးအမြင့်ပိုင်းဖြင့်သာ ဈေးကွက်အတွင်း ရောင်းချနေကြပြီး အဓိကအားဖြင့် ပြည်ပမှ တင်သွင်းသောကုန်စည်များနှင့် အဖျော်ယမကာများမှာ ဈေးကွက်အတွင်း ဈေးနှုန်းအမြင့်ဆုံးဖြင့် ရပ်တည်နေကြသည်။

ရွှေဈေး၊ ငွေလဲနှုန်းနှင့် ပြည်ပသွင်းကုန်၊ စက်သုံးဆီနှင့် စားအုန်းဆီများ

ပြည်တွင်းရွှေဈေးကွက်အတွင်း စံချိန်တင် ရွှေပေါက်ဈေးများဖြစ်ပေါ်နေပြီး အခေါက်ရွှေတစ်ကျပ် သားလျှင် သိန်း(၁၀ဝ)ကျပ်ကျော်အထိ ပေါက်ဈေးဖြစ်ပေါ်နေသည်။ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း(YGEA) မှ သတ်မှတ် ရည်ညွှန်းပေါက်ဈေးမှာ ရွှေတစ်ကျပ်သားလျှင် သိန်း(၉၀)ဝန်းကျင်သာရှိ ကြောင်းသိရသည်။ ယင်းပေါက်ဈေးဖြင့် ဈေးကွက်အတွင်းရောင်းချနိုင်မှုမရှိဘဲ ပြင်ပပေါက်ဈေး သိန်း (၁၀ဝ)ကျပ်ကျော်ဖြင့်သာ ဈေးကွက်ဖွင့်ရောင်းချနေ ‌ကြောင်း ရွှေလုပ်ငန်းရှင်အသိုင်းအဝိုင်းကဆိုသည်။ အခေါက်ရွှေအရောင်းအဝယ်ဈေးကွက်တွင် ရွှေအတုံးလိုက် အပိုင်း လိုက်ရောင်းချသောဆိုင်နည်းပါးပြီး တစ်နိုင်ငံလုံးတွင် အောင်သမာဓိ၊ အကယ်ဒမီနှင့် မြန် မာချမ်းသာ(ကျော်ကြီး) စသည့်ဆိုင်သုံးဆိုင်တွင်သာ အလွယ်တကူဝယ်ယူနိုင်ပြီးကျန် ရွှေဆိုင်များတွင် အခေါက်ရွှေအရောင်းပိတ်ကာ အဝယ်သာ လက်ခံနေ ကြကြောင်း ဈေးကွက်အတွင်းမှသိရသည်။
အခေါက်ရွှေဝယ်ယူမှုကိုလည်း ငွေကျပ် သိန်း (၁၀ဝဝ)ဖိုးနှင့်အထက်ဝယ်ယူပါက တရားမဝင် ငွေ ကြေးခဝါချမှု တိုက်ဖျက်ရေးအဖွဲ့သို့ အကြောင်းကြားရန် ရွှေဆိုင်များကိုညွှန်ကြားထားကြောင်း သိရသည်။ ပြည်တွင်းအခေါက်ရွှေ ဈေးများသည့် ကမ္ဘာ့ရွှေဈေးကွက်အပြောင်းအလဲများနှင့်အတူ ယခုဒီဇင်ဘာလ ကုန်သည်အထိ ဈေးနှုန်းများ ဆက်လက် မြင့်တက်နေနိုင်ပြီး အရောင်းအဝယ် အေးနေမည်ဖြစ်သည်။ (၁၅)ပဲရည်ရွှေထည်ဈေးကွက်မှာ ပုံမှန်အရောင်းအဝယ် အခြေအနေဖြင့်တည်ငြိမ်နေပြီး ရွှေစုဆောင်းလိုသူများ အနေဖြင့် ရွှေဈေးအပြောင်းအလဲများကြောင့် ရောင်း မှားဝယ်မှား မဖြစ်ပေါ်စေရန် သတိထားဆောင်ရွက် သင့်ကြောင်း ဝါရင့်ရွှေကုန်သည်များကပြောသည်။
ပြည်ပငွေလဲဈေးကွက်အတွင်း နိုင်ငံခြားငွေဈေး များတည်ငြိမ်နေပြီး အထူးသဖြင့် ဒေါ်လာဈေးမှာ ယခင် တစ်ပတ်ဈေးထက် (၅၀)ပိုတိုးပြီး တစ်ဒေါ်လာ လျှင် (၄၆၈၅)ကျပ်ဖြင့် ဈေးကွက်ပေါက်ဈေးဖြစ်ပေါ် နေသည်။ ကျန်ငွေကြေးများဖြစ်သော တရုတ်ငွေ တစ်ယွမ် (၇၀၃)ကျပ်၊ ထိုင်းတစ်ဘတ် (၁၃၅)ကျပ်နှင့် အိန္ဒိယတစ်ရူပီး (၄၉)ကျပ်တို့ဖြင့် ဈေးကွက်ဖွင့် ရောင်းချနေကြသည်။ စားအုန်းဆီဈေးကွက်သည် ပြင်ပမှောင်ခိုဈေးကွက် ဆက်လက် ဖြစ်ပေါ်နေပြီး ပြင် ပဈေးကွက်တွင် တစ်ပိဿာလျှင် (၁၂၀ဝဝ)ဝန်း ကျင်ဖြင့် ဝယ်ယူနေရဆဲဖြစ်သည်။

အိမ်ခြံမြေနှင့်ကားဈေးကွက် ဈေးတက်ပြီး အရောင်းအဝယ်အေးနေ
ပြည်တွင်း အိမ်ခြံမြေ၊ တိုက်ခန်းနှင့် အိမ်စီးကား၊ လုပ်ငန်းသုံးကားဈေးကွက်များမှာ အရောင်းအဝယ် အေးနေ သော်လည်း ‌ဈေးနှုန်းများ အဆမတန်မြင့် တက်နေကြောင်း ဈေးကွက်အတွင်းမှသိရသည်။ အိမ်ခြံမြေဈေးကွက် အတွင်းတွင် ရန်ကုန်မြို့၌ ယခင်က အရောင်းအဝယ်အကောင်းဆုံးဖြစ်ခဲ့သည့် ဒဂုံမြို့ သစ်လေးမြို့နယ်မှာ အရောင်း အဝယ်အေးလာပြီး လတ်တလောတွင် ဈေးစုံစမ်းမှုအဆင့်တွင်သာရှိ ကြောင်းသိရသည်။ သို့သော် မြေဈေးကွက်များမှာ (၂၀ ပေ ထ ၆၀)ပေ မြေကွက်အလွတ်များပင် သိန်း (၁၀ဝဝ)အထက်သို့ရောက်ရှိနေပြီး နေရာအကွက် အကွင်းပေါ်မူ တည်ကာ ဈေးနှုန်းများမြင့်တက်နေ ကြောင်းသိရသည်။ ဒဂုံမြို့သစ်မြောက်ပိုင်း အိမ်ခြံမြေ ဈေးများမှာ အမြင့်ဆုံးဖြစ်ပြီး၊ ဒဂုံအရှေ့ပိုင်းရပ်ကွက် အချို့နှင့် ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ် အစွန်ရပ် ကွက်များတွင် တန်ဖိုးအသင့်အတင့်ရှိသည့် မြေကွက် များကျန်ရှိနေကြောင်းသိရသည်။ အလားတူ ဒဂုံဆိပ် ကမ်းမြို့နယ်အတွင်း နေရာအကွက်အကွင်းပေါ်မူ တည်ကာ ဈေးနှုန်းများမြင့်မားနေဆဲဖြစ်သည်။ ကျန် ရန်ကုန်မြို့တစ်ခုလုံးတွင်မူ တိုက်ခန်းနှင့်ကွန်ဒိုများသာ အရောင်း အဝယ်ကောင်းမွန်နေပြီး အရစ်ကျ တိုက်ခန်းဝယ်ယူမှုများပြားကြောင်းသိရသည်။ သိန်း (၁၀ဝဝ)မှ သိန်း(၅၀ဝဝ) အတွင်း အိမ်ခြံမြေနှင့် တိုက်ခန်းများကို ဈေးစုံစမ်းမှုများပြားသော်လည်း အပြီး သတ်ဝယ်ယူမှုနည်းပါးနေသည်။
တောင်ဥက္ကလာပ၊ မြောက်ဥက္ကလာပ၊ မရမ်း ကုန်း၊ လှိုင်၊ ကြည့်မြင်တိုင်၊ သင်္ဃန်းကျွန်း စသည့်မြို့ နယ်တို့ သည်လည်း အရောင်းအဝယ်အတွက် ဈေးစုံစမ်းမှုများရှိနေကြောင်း အကျိုးတော်ဆောင်များ ထံမှသိရသည်။ ကားဈေး ကွက်သည် သီတင်းကျွတ် ကာလနှင့်နောက်ပိုင်း အရောင်းအဝယ် ခပ်သွက်သွက် ရှိခဲ့သော်လည်းလက်ရှိအချိန်တွင် အရောင်းအဝယ် အေးသွားခြင်းဖြစ်ကြောင်း၊ အရောင်းအဝယ်အေးသွား သော်လည်း ဈေးတန်းအနေဖြင့်၊ အမြင့်ပိုင်း တွင်ဆက် လက်ရှိနေသေးကြောင်း ရန်ကုန်နှင့် မန္တလေးမြို့အခြေစိုက် ကားဝယ်ရောင်းအကျိုးဆောင်များကဆို သည်။ သို့သော်လည်း ဂျပန်တစ်ပတ်ရစ်ကားဈေးများမှာ ဈေးမာနေကြောင်း၊ ကားကောင်းပါကဈေးပိုများကြောင်း၊ လူကြိုက် နည်းသည့် ဥရောပကားအချို့မှာလည်း ဈေးမကျသေးကြောင်း ဝယ်ရောင်းအကျိုး ဆောင်တစ်ဦးကပြောသည်။ သီတင်းကျွတ်နောက်ပိုင်း ကျပ် သိန်း(၆၀ဝ)မှ(၂၀ဝဝ)ကြား အိမ်စီးကားတစ်စီး သည် လက်ရှိတွင်လည်း ထိုဈေးတန်း တွင်သာဆက် လက်ရှိနေသေးကြောင်း၊ အရောင်းအဝယ်အေးရခြင်းနှင့်ပတ်သက်၍ လာမည့်နှစ် ကားမူဝါဒအပြောင်း အလဲ မျှော်လင့်ချက်များကြောင့်ဖြစ်ကြောင်း သိရသည်။
ဝါရင့်ကားဝယ်ရောင်းအကျိုးဆောင်အသိုင်းအဝိုင်းအတွင်း ကားဈေးကျရန်ထက် ကားတွင်အသုံး ပြုရသည့်အပို ပစ္စည်းနှင့် နောက်ဆက်တွဲပစ္စည်းများ ဈေးကျရန်သာမျှော်လင့်နေကြကြောင်း ဝေဖန် သုံး သပ်ပြောဆိုနေကြသည်။

အခြေခံ လုပ်ခလစာနှင့် စက်ရုံအလုပ်သမား ပြဿနာများ

အထွေထွေကုန်ဈေးနှုန်းမြင့်တက်ခြင်းနှင့် ငွေကြေးဖောင်းပွမှုများဖြစ်ပွားလာခြင်း၏ နောက်ဆက်တွဲ ပြဿနာ အဖြစ် အမြဲကြုံတွေ့ရသောပြဿနာမှာ အလုပ်သမားများ၏ လုပ်ခလစာတိုးမြှင့်တောင်းခံခြင်း ဖြစ်သည်။ မြန်မာ နိုင်ငံတွင် အခြေခံလုပ်ခလစာကို (၄၈၀ဝ)ကျပ်ဖြင့် (၂၀၁၈) ခုနှစ်ဝန်းကျင်ကတည်းက သတ်မှတ်ခဲ့ရာ၌ ဥပဒေအရ (၂)နှစ်လျှင်တစ်ကြိမ်ပြန် လည်ပြင်ဆင်သတ်မှတ်ရမည်ဖြစ်သော်လည်း လက် ရှိအချိန်အထိ ပြင်ဆင်နိုင်ခြင်းမရှိပေ။ ထို့ကြောင့် လတ်တလော အခြေခံကုန်ဈေးနှုန်းများမြင့်တက်လာ ချိန်တွင် စက်ရုံအလုပ်သမားများ၏လုပ်ခလစာမှာ တစ်ရက်အသုံးစရိတ်ပင် ကာမိခြင်းမရှိသောကြောင့် လုပ်ခလစာတိုးမြှင့်ပေးရန်တောင်းဆိုမှုများ ဖြစ်ပွားလာခြင်း ဖြစ်သည်။
နိုင်င့တော်စီမံအုပ်ချုပ်ရေးကောင်စီလက်ထက်တွင် ရှားပါးစရိတ်နှင့်ထောက်ပံ့ကြေး (၂၀ဝဝ)ထပ် တိုးသတ် မှတ်ခဲ့ရာ တစ်ရက်လုပ်ခမှာ (၆၈၀ဝ)ကျပ် အထိတရားဝင်သတ်မှတ်ထားသည်။ ယင်းသို့သတ် မှတ်ခြင်းသည် အခြေခံလု ပ်ခလစာကို တိုးမြှင့်ပေးခြင်း မဟုတ်သောကြောင့် လုပ်ငန်းခွင်အတွင်း အချိန်ပို ကြေးသတ်မှတ်ရာတွင် ယခင်သတ် မှတ်ခဲ့သော တစ် ရက်လုပ်ခ (၄၈၀ဝ)ကျပ်ဖြင့် ဆက်လက် တွက်ချက် နေကြဆဲဖြစ်သည်။
ထို့ကြောင့် အခြေခံလုပ်ခလစာသည် တွက်ချက်ရန် ပိုမိုရှုပ်ထွေးလာပြီး အလုပ်သမားများ၏ လုပ်ခလ စာတိုးမြှင့်တောင်းဆိုဆန္ဒပြမှုများပါ ဆက်လက်ကြုံ တွေ့နေရခြင်းဖြစ်သည်။ အလုပ်သမားများ၏တောင်း ဆိုမှုသည် ခေတ်ကာလအထွေထွေကုန်ဈေးနှုန်းဖြင့် နှိုင်းယှဉ်ပါက သင့်တော်သောတောင်းဆိုမှုဖြစ်သော်လည်း ဥပဒေအရ အကျုံးမဝင်ပေ။ ထို့ကြောင့် အခြေ ခံလုပ်ခလစာသတ်မှတ်ချက်ကိုတိုးမြှင့်နိုင်မှသာ စက် ရုံအလုပ်သမားများအတွက် အဆင်ပြေမည်ဖြစ်သည်။ မြန်မာနိုင်ငံတွင် စက်ရုံအလုပ်ရုံများတွင် လုပ်ကိုင်နေ သည့်အခြေခံလုပ်သား (၇)သိန်း ဝန်းကျင်ခန့်ရှိ ကြောင်း အလုပ်သမားဝန်ကြီးဌာန၏ ထုတ်ပြန်ချက် များအရသိရသည်။ ယင်း အခြေခံလုပ်သားများသည် အနိမ့်ဆုံးလုပ်ခလစာသတ်မှတ်ချက်(၄၈၀ဝ)နှင့် ရှား ပါးစရိတ်ထောက်ပံကြေး (၂၀ဝဝ)တို့ဖြင့်သာ နေ့စဉ် လူမှုဘဝကို ဖြတ်ကျော်နေရဆဲဖြစ်သည်။ နိုင်ငံတော်အနေဖြင့် အခြေခံလုပ်ခလစာကို တိုးမြှင့်ပေးခြင်းမရှိပါက အလုပ်သမား များ၏ဆန္ဒပြတောင်းဆိုမှုများ ဆက်လက်ဖြစ်ပွားလာဦးမည်ဖြစ်သည်။ လတ်တလော တရားဝင်ငွေလဲလိုင်စင်ရ ဘဏ် များအကြား အ‌ရောင်း အဝယ်ပြုလုပ်သော အမေရိကန်ဒေါ်လာပေါက်ဈေးမှာ တစ်ဒေါ်လာလျှင် (၃၆၀ဝ)ကျပ်ဝန်း ကျင်ဖြစ်သည်။ ထို့ကြောင့် အခြေခံအလုပ်သမားတစ်ဦး၏ လုပ်ခလ စာမှာ နှစ်ဒေါ်လာပင်မရှိသောကြောင့် နည်းပါးလွန်း သော ဝင်ငွေစာရင်းတွင် ပါဝင်နေသည်။
ပြင်ပ ဒေါ်လာပေါက်ဈေးဖြင့်နှိုင်းယှဉ်ပါက ပိုမိုနည်းပါးသွားမည်ဖြစ်သည်။ သက်ဆိုင်ရာအနေဖြင့် အခြေခံ လုပ်ခလစာကို အမြန်ဆုံး ပြင်ဆင်သတ်မှတ် နိုင်မှသာ အလုပ်သမားများ၏ ဆန္ဒထုတ်ဖော်မှုများကို အချိန်မီဖြေရှင်း နိုင်မည်ဖြစ်သည်။

မူရင်းသတင်း — NP News