NP News

မဟာအောင်မြေမြို့ရှိ စီးတော်မြင်းဝန်ကျောင်းတိုက်တွင် ဝါယာကြိုးအပူလွန်ကဲရာ အဆောက်အဦး(၂)လုံးအပါအဝင် ယာဥ်(၄)စီး မီးလောင်

ထိုက်စံ (NP News) - နိုဝင်ဘာ ၁

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်ရှိ စီးတော်မြင်းဝန်ကျောင်းတိုက်တွင် ဝါယာကြိုးအပူလွန်ကဲရာ အဆောက်အဦး(၂)လုံး အပါအဝင် ယာဥ်(၄)စီး မီးလောင်ခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ထံမှ သိရသည်။

ဖြစ်စဥ်မှာ ယနေ့(နိုင်ဝင်ဘာ ၁ ရက်)၊ နံနက်(၁)နာရီ (၃၇)မိနစ်အချိန်ခန့်က မဟာအောင်မြေမြို့နယ်၊ မဟာနွယ်စဉ်ရပ်ကွက်၊ ၃၆-၃၇ လမ်း နှင့် ၇၁-၇၂ လမ်းရှိ စီးတော်မြင်းဝန်ကျောင်းတိုက်တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
"အဆောက်အဦးရဲ့မျက်နှာကြပ်မှာ သွယ်တန်းထားတဲ့ ဝါယာကြိုးကနေ ရှော့ဖြစ်ပြီး မီးလောင်တာ။ အဆောက်အဦးတွေ ကားတွေ မီးကူးစက်လောင်ခဲ့တယ်" ဟု တာဝန်ရှိသူတစ်ဦးက ပြောသည်။
ထို့သို့ မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် level (1) ယာဉ်အုပ်စုများ ထွက်ခွာငြှိမ်းသတ်ခဲ့ရာ (၁၅)မိနစ်ကြာ ငြိမ်းသတ်ခဲ့ရကြောင်း သိရသည်။

အဆိုပါဖြစ်စဥ်တွင် အဆောက်အဦး(၃)လုံး မီးလောင်ဆုံးရှုံးပျက်စီးခဲ့သည့်အပြင် ယာဥ်(၄)စီး မီးလောင်ခဲ့ပြီး မီးလောင် ဆုံးရှုံးမှုတန်ဖိုးကျပ်(၅၁၃)သိန်း ရှိကြောင်း သိရသည်။

မူရင်းသတင်း — NP News