NP News

အစိုးရ၏ e-Government စနစ်များ အပြည့်အဝ ဒီဂျစ်တယ်အသွင်ပြောင်းလဲနိုင်ရေး ဆွေးနွေး

စိမ့်စမ်းရေ (NP News) - အောက်တိုဘာ ၃၁

အစိုးရ၏ e-Government စနစ်များကို အပြည့်အဝ ဒီဂျစ်တယ်အသွင်ပြောင်းလဲဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သည့်အခြေအနေများကို ဆိုက်ဘာလုံခြုံရေးဆိုင်ရာဗဟိုကော်မတီ ညှိနှိုင်းအစည်းအဝေး (၁/၂၀၂၆) တွင် ဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါအစည်းအဝေးကို နေပြည်တော်ရှိ ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ရုံးအမှတ် (၂) အစည်းအဝေးခန်းမ၌ ယမန်နေ့ (အောက်တိုဘာ ၃၀ ရက်) က ကျင်းပခဲ့ကြောင်း သိရသည်။
ဒီဂျစ်တယ်အသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်များ ထိရောက်စွာအကောင်အထည်ဖော်နိုင်ရန် ကဏ္ဍအလိုက်၊ အပိုင်းလိုက်နှင့် အဆင့်လိုက်လမ်းပြမြေပုံများ ချမှတ်ကာ မဟာဗျူဟာမြောက် ဆောင်ရွက်သွားရန် ဒုတိယသမ္မတ ဦးညိုစောက ပြောကြားခဲ့သည်။

ထို့ပြင် ခေတ်မီပြီး လုံခြုံစိတ်ချရသည့် ဒီဂျစ်တယ်အခြေခံအဆောက်အအုံများ တည်ဆောက်ရန်၊ ဒီဂျစ်တယ်ဝန်ဆောင်မှုပေးသည့် ယန္တရားများ ဖော်ဆောင်ရန်နှင့် အစိုးရ၏ e-Government စနစ်များကို အပြည့်အဝ ဒီဂျစ်တယ်အသွင်ပြောင်းလဲ ဆောင်ရွက်သွားရန် လိုအပ်ကြောင်း ဒုတိယသမ္မတက ပြောကြားခဲ့သည်။
နိုင်ငံတကာနှင့် အာဆီယံဒေသတွင်းနိုင်ငံများတွင် ဆိုက်ဘာလုံခြုံရေးဆိုင်ရာအမျိုးသားဥပဒေများ၊ ဆိုက်ဘာမှုခင်းတားဆီးနှိမ်နင်းရေးဥပဒေများ၊ ကိုယ်ရေးအချက်အလက်ကာကွယ်ရေးဥပဒေများနှင့် နယ်စပ်ဖြတ်ကျော် ဒီဂျစ်တယ်ဒေတာစီးဆင်းမှု လုံခြုံရေးမူဝါဒများ ချမှတ်ဆောင်ရွက်ရန် ပြောကြားခဲ့သည်။

ထို့ပြင် ဝန်ကြီးဌာနအလိုက် အကောင်အထည်ဖော်နေသည့် ဒီဂျစ်တယ်စနစ်များကို အမျိုးသားဒေတာစင်တာစနစ်တစ်ခုဖြင့် ထိန်းသိမ်းဆောင်ရွက်ရန်နှင့် ဆိုက်ဘာတိုက်ခိုက်မှုများကို ကာကွယ်တုံ့ပြန်နိုင်ရေးအတွက် ဆိုက်ဘာလုံခြုံရေးစောင့်ကြည့်ကွပ်ကဲရေးဗဟိုဌာနကိုအခြေခံကာ နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်သည့် ဆိုက်ဘာဝန်းကျင်တစ်ရပ် တည်ဆောက်ရန် လိုအပ်ကြောင်း သိရသည်။

မူရင်းသတင်း — NP News