
ကိုဖြိုး-(NP News)အောက်တိုဘာ-၃၁
မော်တော်ယာဉ်ဈေးကွက်အတွင်း SKD စနစ်ဖြင့် တပ်ဆင်ထုတ်လုပ်သော EV နှင့် ICE မော်တော်ယာဉ်များ၏ စက်ရုံထုတ်ဈေးနှုန်းနှင့် ပြင်ပဈေးကွက်ဈေးနှုန်းများအကြား ကွာဟမှုများ ဖြစ်ပေါ်နေကြောင်း သတင်းများအရ စိစစ်ခဲ့ကြောင်း စီးပွား/ကူးသန်းဝန်ကြီးဌာနမှ သိရသည်။
တပ်ဆင်ထုတ်လုပ်သည့် စက်ရုံများမှ ရောင်းချချိန်တွင်လည်းကောင်း၊ တစ်ဆင့်ခံ အရောင်းကိုယ်စားလှယ်များက Customer များသို့ ရောင်းချချိန်တွင်လည်းကောင်း၊ Customer အချင်းချင်း လက်လွှဲရောင်းချချိန်တွင်လည်းကောင်း ဈေးနှုန်းများမြှင့်တင် ရောင်းချကြောင်း စိစစ်တွေ့ခဲ့ကြောင်းသိရ သည်။
ထို့ကြောင့် SKD စနစ်ဖြင့် ထုတ်လုပ်သည့် EV ၊ ICE မော်တော်ယာဉ်များ စက်ရုံထုတ်ဈေးထက် ဈေးကွက်ပေါက်ဈေး အဆမတန်မြှင့်တက်နေမှုတွင် SKD ကုမ္ပဏီများ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ပါဝင်ပတ်သက်ခြင်း ရှိ/မရှိ အား မော်တော်ယာဉ် အရောင်းစင်တာ မြေပြင်စစ်ဆေးရေးအဖွဲ့များဖြင့် ပုံမှန်စစ်ဆေးခြင်း၊ ရှောင်တခင်စစ်ဆေးခြင်းများ ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်သည်။
“စစ်ဆေးရုံနဲ့မလုံလောက်ပါဘူး အရေးယူထားတာတွေလဲရှိဖို့လိုပါတယ်၊အခုဈေးကွက်ထဲမှာ SKD အိမ်စီးကား တစ်စီးကို ဈေးကစက်ရုံဈေးထက်နှစ်ဆသုံးဆ ကွာခြားနေပါတယ် “ဟု ဝါရင့်ကားဝယ်ရောင်း လုပ်ငန်းရှင်တစ်ဦးကပြောသည်။
ထို့ကြောင့် SKD စနစ်ဖြင့် EV နှင့် ICE မော်တော်ယာဉ် ထုတ်လုပ်သည့် ကုမ္ပဏီများအနေဖြင့် မိမိတို့ထုတ်လုပ်သည့် မော်တော်ယာဉ်များအား ထိုက်သင့်သည့် ဈေးနှုန်းဖြင့် Customer များလက်ဝယ်သို့ရောက်ရှိရေး စီမံဆောင်ရွက်ရန်နှင့် ဈေးနှုန်းမြှင့်တင်ရောင်းချမှုများတွင် ပါဝင်ပတ်သက်ကြောင်း စိစစ်တွေ့ရှိရပါက သက်ဆိုင်ရာဥပဒေ၊ လုပ်ထုံးလုပ်နည်းများဖြင့် ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိနိုင်ပါရန် စီးပွား/ကူးသန်းဝန်ကြီးဌာနမှ အကြောင်းကြားခြင်းကြောင်းသိရသည်။