
စိမ့်စမ်းရေ (NP News) - အောက်တိုဘာ ၃၁
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ ကဒက်ငယ်ထိန်ကျေးရွာတွင် တောင်ပြိုမှုကြောင့် သေဆုံးခဲ့သော အမျိုးသား (၁) ဦး၏ ရုပ်အလောင်းကို ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။
အဆိုပါရုပ်အလောင်းကို ယနေ့ (အောက်တိုဘာ ၃၁ရက်) တွင် ကဒက်ငယ်ထိန်ကျေးရွာရှိ တောင်ကျောင်းဘုန်းကြီးကျောင်းဝန်းအတွင်းမှ စက်ယန္တရားများဖြင့် အလောင်းရှာဖွေရာမှ တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သေဆုံးသူအမျိုးသားမှာ ကိုဖိုးသွယ် (ခ) ကိုသွယ်တာစိုးဖြစ်ပြီး ရက်ပေါင်း (၃၀) ကျော် အကြာတွင် ပြန်လည် တွေ့ရှိခဲ့ခြင်းဖြစ်သည်။
လက်ရှိတွင် သေဆုံးသူ၏ ရုပ်အလောင်းကို မီးသင်္ဂြိုလ်ရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
“မြေပိသွားတဲ့အလောင်းက ဒီနေ့တွေ့တယ်။ အခု မီးသင်္ဂြိုလ်ဖို့ လုပ်နေတယ်” ဟု ဇမ္ဗူသီရိ အရေးပေါ်လူနာကူညီသယ်ဆောင်ရေးအဖွဲ့၏ တာဝန်ရှိသူတစ်ဦးက NP News သတင်းဌာနသို့ ပြောသည်။
ထိုပြင် ကျန်ရှိသည့် ရုပ်အလောင်း (၂) လောင်းကိုလည်း ဆက်လက်ရှာဖွေသွားမည်ဖြစ်ကြောင်း သိရသည်။
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်တွင် ပြီးခဲ့သည့် စက်တင်ဘာလ (၂၅) ရက်မှ စတင်ကာ မိုးများ အဆက်မပြတ်ရွာသွန်းသဖြင့် ရေကြီးရေလျှံမှု နှင့် တောင်ပြိုမှုများ ဆက်တိုက်ဖြစ်ပွားခဲ့ပြီး လောင်းလုံးမြို့နယ်၊ ကဒက်ငယ်ထိန်ကျေးရွာတွင်လည်း တောင်ပြိုမှုများကြောင့် အိမ်ခြေ (၄၀) ကျော် ထိခိုက်ပျက်စီးခဲ့ကာ ဒေသခံ (၁၅) ဦး သေဆုံးခဲ့ကြောင်း သိရသည်။