NP News

တိုက်ပွဲတွေကြောင့် ထိုင်းနဲ့ မြန်မာနယ်စပ် အဝင်/အထွက်ကို ယာယီပိတ်ပင်

ဂျန်ဇက် (NP News) - အောက်တိုဘာ ၃၁

အောက်တိုဘာ (၃၀)ရက်မှာ ထိုင်း-မြန်မာနယ်စပ်နီး မြဝတီမြို့နယ်ဘက်က တိုက်ပွဲတွေ ခဏတာ ငြိမ်သက်နေပေမဲ့ နှစ်ဖက်စလုံးက အင်အားတွေ၊ လက်နက်တွေ ထပ်ဖြည့်နေကြတာမို့ အခြေအနေကတော့ တင်းမာမှု အမြင့်ဆုံးမှာပဲရှိနေတယ်လို့ ထိုင်းသတင်းတွေက ဖော်ပြထားပါတယ်။

အောက်တိုဘာ (၃၀) ရက် ညပိုင်းအထိမြေပြင်တိုက်ပွဲ ဖြစ်ပွားတာမျိုးမရှိပေမယ့် မြန်မာစစ်တပ်ဘက်က ဒရုန်းတွေအသုံးပြုပြီး မဲဆောက်မြို့၊ ဟွေမဟာဝမ်ရွာ မျက်နှာစာ မြန်မာဘက်ခြမ်း မင်းလက်ပံရွာထဲက လက်နက်ကိုင်တပ်ဖွဲ့တွေ ရှိနိုင်မယ့်နေရာတွေကို ဗုံးအပြင်းစားတွေ ကျဲချခဲ့တယ်လို့ ထိုင်းသတင်းတွေက ဖော်ပြပါတယ်။
စစ်ပွဲဖြစ်နေတဲ့နေရာတွေနဲ့ မျက်နှာချင်းဆိုင်ရှိတဲ့ ထိုင်းဘက်ခြမ်းမှာတော့ ထိုင်းနယ်ခြားစောင့်တပ်ဖွဲ့တွေက ကင်းလှည့်စောင့်ကြည့်မှုတွေ လုပ်နေပါတယ်။ လက်နက်ကြီးကျည်နဲ့ ကျည်ဆန်အချို့ ထိုင်းဘက်ခြမ်းကို သွားကျရောက်ခဲ့တာကြောင့် အိမ်အချို့ ထိခိုက်ပျက်စီးခဲ့ပြီး ထိုင်းဒေသခံတစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ ဒဏ်ရာရသူဟာ လက်ရှိမှာ စိုးရိမ်စရာမရှိတော့ဘဲ လုံခြုံရေးတာဝန်ရှိသူတွေက သွားရောက်တွေ့ဆုံကာ ကူညီအားပေးတာတွေ လုပ်ဆောင်ခဲ့ပြီးဖြစ်ပါတယ်။
အောက်တိုဘာ (၂၉) ရက်ကတည်းက မြန်မာဘက်က ပစ်ခတ်လိုက်တဲ့ကျည်တွေ ထိုင်းဘက်ကျပြီး ဒေသခံတစ်ဦး ဒဏ်ရာရခဲ့တာကြောင့်ထိုင်း ဝန်ကြီးချုပ်အနုတင် ချာန်ဗီရကူးလ် (Anutin Charnvirakul) က နယ်စပ်ဒေသခံတွေရဲ့ လုံခြုံရေးအတွက် လိုအပ်တဲ့ စီမံဆောင်ရွက်ချက် အကုန်လုံး လုပ်ဆောင်ဖို့ တာ့ခ်ခရိုင်အုပ်ချုပ်ရေးမှူးနဲ့ လုံခြုံရေးအဖွဲ့တွေကိုအရေးပေါ် ညွှန်ကြားခဲ့ပါတယ်။

ဒါ့အပြင် ထိုင်းဘက်က အခြေအနေတွေကို မြန်မာအစိုးရဘက်က တာဝန်ရှိသူတွေဆီ အကြောင်းကြားထားပြီး အစီအမံတစ်စုံတစ်ရာ မလုပ်ဘူးဆိုရင် ထိုင်းဘက်က ကာကွယ်ရေးစနစ်တွေကို ပိုမိုတင်းကြပ်သွားမယ်လို့ သတိပေးထားပါတယ်။ဒါအပြင်အောက်တိုဘာ (၃၀) ရက်ကနေ နိုဝင်ဘာ (၅) ရက်အထိ (၇) ရက်ကြာ မဲဆောက်မြို့နယ်၊ ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတား တောင်ဘက်ခြမ်းနဲ့ ဖို့ဖရ (Phop Phra) မြို့နယ် အစိတ်အပိုင်းအချို့ရှိ တရားမဝင် လမ်းကြောင်းတွေကနေ ပစ္စည်း အဝင်/အထွက် ပြုလုပ်ခွင့်ကို ခွင့်မပြုဘဲ ယာယီဆိုင်းငံ့လိုက်တာ ဖြစ်ပါတယ်။
ပိတ်ပင်ရတာဟာ စစ်ပွဲမှာ ပါဝင်နေတဲ့ အဖွဲ့အစည်းတွေဆီ ရိက္ခာနဲ့ ပစ္စည်းတွေ စီးဝင်မသွားအောင် တားဆီးဖို့နဲ့ နယ်စပ်ဒေသခံတွေရဲ့အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ဖို့အတွက် ဖြစ်တယ်လို့ ထိုင်းအစိုးရကဆိုပါတယ်။
​ထိုင်းစစ်တပ်ဘက်ကလည်း နယ်စပ်တစ်လျှောက် တပ်ဖွဲ့ဝင်တွေနဲ့လက်နက်ကြီးတွေကို တပ်ဆင်ထားပြီး (၂၄) နာရီပတ်လုံး လုံခြုံရေးယူထားပြီး ထိုင်းစစ်ကြောင်းအနေနဲ့ ထိုင်းပိုင်နက်ထဲ ကျည်ဆန်တွေ ကျရောက်လာပါက ပစ်ခတ်မှုဆိုင်ရာ စည်းမျဉ်းများ (Rules of Engagement) နှင့်အညီ ပြန်လည်ပစ်ခတ် တုံ့ပြန်ဖို့ အသင့်ပြင်ထားကြောင်း သိရပါတယ်။

မူရင်းသတင်း — NP News