NP News

မြန်မာနိုင်ငံကို EDD စာရင်း၌ ဆက်လက်ထားရှိပြီး နောက်ထပ် (၄) လကြာသည်အထိ တိုးတက်မှုမရှိပါက တုံ့ပြန်အရေးယူမှုများ ဆောင်ရွက်ရန် စဉ်းစားသွားမည်ဟု FATF ဆို

ALynn (NP News) - အောက်တိုဘာ ၃၁

ငွေကြေးဆိုင်ရာအရေးယူဆောင်ရွက်ရေးအဖွဲ့ (FATF) သည် မြန်မာနိုင်ငံအပေါ် တိုက်ရိုက်တုံ့ပြန်အရေးယူမှုများ (Countermeasures) မပြုလုပ်သေးဘဲ အလေးထားစိစစ်မှုများပြုလုပ်ရန်နှင့် တိုးမြှင့်အရေးယူဆောင်ရွက်မှုမပြုလုပ်ရန် တောင်းဆိုခြင်းခံရသည့်နိုင်ငံနှင့် ဒေသများ (enhanced due diligence (EDD) စာရင်းတွင် ဆက်လက်ထားရှိ၍ လာမည့် (၂၀၂၇) ခုနှစ်၊ ဖေဖော်ဝါရီလအထိ စောင့်ကြည့်သွားမည်ဖြစ်ကြောင်းနှင့် ယင်းအချိန်အထိ ထပ်မံတိုးတက်မှုများ မရှိပါက တုံ့ပြန်အရေးယူမှုများ ဆောင်ရွက်ရန် စဉ်းစားသွားမည်ဖြစ်ကြောင်း ဆုံးဖြတ်ခဲ့သည်။

အဆိုပါ ဆုံးဖြတ်ချက်ကို ပြင်သစ်နိုင်ငံ၊ ပါရီမြို့၌ အောက်တိုဘာ ၂၈ ရက်မှ ၃၀ ရက်အထိ ကျင်းပခဲ့သည့် FATF မျက်နှာစုံညီအစည်းအဝေးအပြီးတွင် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
FATF က (၂၀၂၆) ခုနှစ်၊ ဇွန်လတွင် ထောက်ပြခဲ့သည့်အတိုင်း မြန်မာနိုင်ငံအတွင်းရှိ ငွေကြေးလိမ်လည်မှုနှင့် ဆိုက်ဘာလိမ်လည်လုပ်ငန်းများသည် အလွန်ကျယ်ပြန့်နေဆဲဖြစ်ပြီး တရားမဝင် ငွေကြေးစီးဆင်းမှုဆိုင်ရာ အန္တရာယ်ကြီးမားစွာဖြစ်ပေါ်စေလျက်ရှိသည်ဟု ဆိုသည်။

မြန်မာနိုင်ငံအနေဖြင့် အမျိုးသားအဆင့် အွန်လိုင်းလိမ်လည်တိုက်ဖျက်ရေးဗဟိုဌာန ထူထောင်ရန် စီစဉ်ခြင်း၊ ဒေသတွင်းနှင့် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ခြင်း အပါအဝင် အွန်လိုင်း လိမ်လည်မှု လုပ်ငန်းများကို တိုက်ဖျက်ရန် အချို့သော ခြေလှမ်းများ လှမ်းခဲ့သော်လည်း အဆိုပါ ခြိမ်းခြောက်မှုများနှင့် ဆက်စပ်နေသော တရားမဝင် ငွေကြေးအန္တရာယ်များကို ဖြေရှင်းရန် သင့်လျော်သော အရေးယူဆောင်ရွက်မှုများ ပြုလုပ်ရန် မြန်မာနိုင်ငံကို FATF က ထပ်မံတိုက်တွန်းထားပြီး ဤကိစ္စတွင် မြန်မာနိုင်ငံနှင့် ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း FATF က ဖော်ပြထားသည်။

ယင်းတရားမဝင် ငွေကြေးခြိမ်းခြောက်မှုများကို တိုက်ဖျက်ရာတွင် မြန်မာနိုင်ငံအနေဖြင့် ရာဇဝတ်ဂိုဏ်းများ၏ လူကုန်ကူးခြင်းခံရသည့် သားကောင်များအတွက် သင့်လျော်သော ထည့်သွင်းစဉ်းစားမှုများ ရှိရမည်ဖြစ်ကြောင်းလည်း ဖော်ပြထားသည်။
FATF က ချမှတ်ထားသော EDD အစီအမံများကို ကျင့်သုံးရာတွင် နိုင်ငံများအနေဖြင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကူညီထောက်ပံ့ရေး ငွေကြေးစီးဆင်းမှုများ၊ တရားဝင် အဖွဲ့အစည်းများ (NPO) ၏ လှုပ်ရှားမှုများနှင့် တရားဝင် ငွေလွှဲပြောင်းမှုများကို အနှောင့်အယှက် မဖြစ်စေရန် သို့မဟုတ် အားမလျှော့စေရန် သေချာစေရမည်ဟုလည်း ပါရှိသည်။

အထူးသဖြင့် မြန်မာနိုင်ငံ၏ ငလျင်ဘေး ကူညီကယ်ဆယ်ရေး အားထုတ်မှုများနှင့် စပ်လျဉ်း၍ FATF ၏ အကြံပြုချက်များကို ကျင့်သုံးဆောင်ရွက်ခြင်းသည် NPO များအပေါ် ဆိုးရွားစွာနှင့် အချိုးအစားမမျှစွာ သက်ရောက်မှု မရှိစေရန်၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများနှင့် လူသားချင်းစာနာမှု အကူအညီများ ပေးအပ်ခြင်းကို မလိုလားအပ်ဘဲ မဟန့်တားစေရန် သေချာစေရေး၏ အရေးပါမှုကို FATF က အသိအမှတ်ပြုထားသည်။
ထို့ပြင် မြန်မာနိုင်ငံ၏ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ရန်ပုံငွေထောက်ပံ့မှု တိုက်ဖျက်ရေး (AML/CFT) လုပ်ဆောင်ချက်များသည် တရားဝင် ငွေကြေးစီးဆင်းမှုများအပေါ် မလိုလားအပ်ဘဲ စိစစ်စောင့်ကြည့်မှုများ ပြုလုပ်ခြင်း ရှိ/မရှိကိုလည်း FATF က ဆက်လက်စောင့်ကြည့်သွားမည်ဖြစ်သည်ဟု ဆိုသည်။
မြန်မာနိုင်ငံသည် FIU ၏ သတင်းအချက်အလက် ဆန်းစစ်/ဖြန့်ဝေမှု မြှင့်တင်ရန်နှင့် ငွေကြေးခဝါချမှုကို ဘေးအန္တရာယ်အဆင့်အလိုက် ထိရောက်စွာ စုံစမ်းတရားစွဲဆိုရန်အပါအဝင် စနစ်ပိုင်းဆိုင်ရာ လစ်ဟာချက်များကို မဟာဗျူဟာအစီအမံအတိုင်း အရေးတကြီး အပြည့်အဝ ဖြေရှင်းဆောင်ရွက်နိုင်ခြင်း မရှိသေးသမျှ ကာလပတ်လုံး FATF ၏ အရေးယူဆောင်ရွက်ရန် လိုအပ်သည့် အနက်ရောင်စာရင်း (Blacklist) တွင် ဆက်လက် ပါဝင်နေမည်ဖြစ်သည်ဟုလည်း ဖော်ပြထားသည်။

မူရင်းသတင်း — NP News