
သန့်ဇင် (NP News) - အောက်တိုဘာ ၃၁
ကချင်ပြည်နယ်အစိုးရအဖွဲ့နှင့် မြန်မာနိုင်ငံကချင်လူမျိုးရိုးရာယဉ်ကျေးမှုအသင်းချုပ်တို့ပူးပေါင်းကာ ကချင်ရိုးရာကောက်သစ်စားပွဲကို ရိုးရာအစဉ်အလာမပျက်၊ စည်ကားသိုက်မြိုက်စွာကျင်းပမည်ဖြစ်ကြောင်း ကချင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ပြောကြားခဲ့သည်။
ကချင်ပြည်နယ်ဝန်ကြီးချုပ်က ယမန်နေ့(အောက်တိုဘ ၃၀ ရက်)က ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပသည့် ကချင်ရိုးရာ ကောက်သစ်စားပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး ညှိနှိုင်းဆွေးနွေးပွဲတွင် အထက်ပါကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ပြည်နယ်အစိုးရအဖွဲ့နှင့် မြန်မာနိုင်ငံကချင်လူမျိုးရိုးရာယဉ်ကျေးမှုအသင်းချုပ်တို့ ပူးပေါင်းကျင်းပပြုလုပ်သွားမည့် ကချင်ရိုးရာကောက် သစ်စား ပွဲတော်စည်ကားသိုက်မြိုက်စွာကျင်းပရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ပြုလုပ်ခြင်းဖြစ်ကြောင်း ပြည်နယ်ဝန်ကြီးချုပ်က ဆိုသည်။
ထို့ပြင် ကချင်ရိုးရာကောက်သစ်စားပွဲတော်အား ရိုးရာအစဉ်အလာမပျက်၊ စည်ကားသိုက်မြိုက်စွာ၊ အေးချမ်းပျော်ရွှင်စွာ ကျင်းပပြုလုပ် နိုင်ရေး စီစဉ်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်းလည်း ပြည်နယ်ဝန်ကြီးချုပ်က ပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာကြသည့် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအဖွဲ့များ၊ တာဝန်ရှိသူများက မြစ်ကြီးနားမြို့ စီတာပူမနောကွင်းအတွင်း စည်ကားသိုက် မြိုက်စွာ ကျင်းပသွားမည့် ကချင်ရိုးရာကောက် သစ်စားပွဲတော်အတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုများနှင့် လိုအပ်ချက်များ၊ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးရမည့်ကိစ္စရပ်များကို အသီးသီးရှင်းလင်းတင်ခဲ့ကြောင်း သိရသည်။
