
စိမ့်စမ်းရေ (NP News) - အောက်တိုဘာ ၃၁
(၅) နှစ်အတွင်း အာဆီယံသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ လူသားချင်းစာနာမှုအကူအညီပေးအပ်ရေး ညှိနှိုင်းမှုဗဟိုဌာန (AHA Centre) မှတစ်ဆင့် မြန်မာနိုင်ငံသို့ ၂၀၂၁ ခုနှစ် စက်တင်ဘာလမှ ၂၀၂၆ ခုနှစ် စက်တင်ဘာလအထိ (၅) နှစ်အတွင်း လူသားချင်းစာနာမှုအကူအညီ အမေရိကန်ဒေါ်လာ (၂၇) သန်းကျော် လှူဒါန်းခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါအကူအညီများကို သဘာဝဘေးအန္တရာယ်နှင့် အရေးပေါ်အခြေအနေများကြောင့် ထိခိုက်ခံစားခဲ့ရသည့် ပြည်သူများအတွက် အဆင့်နှစ်ဆင့်ဖြင့် ပေးအပ်ခဲ့ခြင်းဖြစ်ပြီး ပထမအဆင့် အသက်ကယ်ဆယ်ရေးအကူအညီများအဖြစ် ကိုဗစ်-၁၉ ကူးစက်ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ဆေးဝါးနှင့်ဆေးဘက်ဆိုင်ရာပစ္စည်းများအပြင် ဆိုင်ကလုန်းမုန်တိုင်း မိုခါ၊ တိုင်ဖွန်းမုန်တိုင်း ရာဂီနှင့် မန္တလေးငလျင်ဘေးအတွက် လူသားချင်းစာနာမှုအကူအညီများ အမေရိကန်ဒေါ်လာ (၁၉ ဒသမ ၃၃) သန်းကျော် ပေးအပ်ခဲ့ကြောင်း သိရသည်။
ထို့ပြင် ဒုတိယအဆင့်အနေဖြင့် ဘဝရှင်သန်တည်မြဲရေးအကူအညီများကို ၂၀၂၃ ခုနှစ် မေလမှ စတင်ပေးအပ်ခဲ့ပြီး ၂၀၂၆ ခုနှစ် စက်တင်ဘာလအထိ အစားအစာ၊ အစားအစာမဟုတ်သည့်အကူအညီပစ္စည်းများ၊ မိသားစုသုံးပစ္စည်းများနှင့် တစ်ကိုယ်ရေသုံးပစ္စည်းများ စုစုပေါင်းတန်ဖိုး အမေရိကန်ဒေါ်လာ (၈ ဒသမ ၀၄) သန်းခန့်ကို မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် အခြားမိတ်ဖက်အဖွဲ့အစည်းများ၏ အကူအညီဖြင့် ဖြန့်ဝေပေးအပ်ခဲ့သည်။
ထို့ကြောင့် အာဆီယံ AHA Centre မှ မြန်မာနိုင်ငံသို့ ၂၀၂၁ ခုနှစ် စက်တင်ဘာလမှ ၂၀၂၆ ခုနှစ် စက်တင်ဘာလအထိ (၅) နှစ်အတွင်း လူသားချင်းစာနာမှုအကူအညီ အမေရိကန်ဒေါ်လာ (၂၇ ဒသမ ၃၇) သန်းကျော် လှူဒါန်းခဲ့ကြောင်း သိရသည်။
ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်၊ ကော့ကရိတ်မြို့နယ်နှင့် ဘားအံမြို့နယ်များ၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်တို့ရှိ အိမ်ထောင်စုများသို့ ဆန်၊ မိသားစုသုံးပစ္စည်းနှင့် တစ်ကိုယ်ရေသုံးပစ္စည်းများကို အောက်တိုဘာ (၂၈) ရက်မှ နိုဝင်ဘာ (၁၀) ရက်အထိ မြန်မာနိုင်ငံကြက်ခြေနီအသင်း၏ အကူအညီဖြင့် ဖြန့်ဝေပေးလျက်ရှိကြောင်း သိရသည်။
ထို့ပြင် ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုနှင့် ကျောက်မဲမြို့တို့တွင်လည်း နိုဝင်ဘာ (၁၆) ရက်မှ (၃၀) ရက်အထိ ဆက်လက်ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း သိရသည်။