
ပုလဲ (NP News) - အောက်တိုဘာ ၃၁
နမ့်စန်မြို့နယ် ပေါ်ကျွဲကျေးရွာအနီး၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်နေ သူများအား လုပ်ငန်းသုံးပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း နိုင်ငံတော်အစိုးရမှ အသိပေး ထုတ် ပြန်ထားချက်များအရ သိရသည်။
နိုင်ငံတော်အစိုးရအနေဖြင့် အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှုကျူးလွန်သူများအား ရှာဖွေဖော်ထုတ်တားဆီးကာကွယ်ခြင်းများကို ထိထိရောက်ရောက် ရှာဖွေဖော်ထုတ်ဖမ်းဆီး အရေးယူခြင်းများ ဆောင်ရွက်လျက်ရှိရာ ရှမ်းပြည်နယ်(တောင်ပိုင်း) နမ့်စန်မြို့နယ်အတွင်း အွန်လိုင်းလိမ်လည်လောင်းကစားလုပ်ငန်းများ လုပ်ကိုင်နေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့များက အဆိုပါမြို့နယ်အတွင်း စုံစမ်းရှာဖွေဖော်ထုတ်မှုများဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ စုံစမ်းရှာဖွေရ ယမန်နေ့ (အောက်တိုဘာ ၃၀ ရက်) ၊ (၁၀)နာရီ (၁၅) မိနစ်ခန့်တွင် နမ့်စန်မြို့နယ် ပေါ်ကျွဲကျေးရွာ၏ အနောက်မြောက်ဘက် မီတာ ၁၇၀၀ ခန့်အကွာ၌ အွန်လိုင်းလိမ်လည် လောင်းကစားမှုလုပ်ငန်းများလုပ်ကိုင်နေသည့် တရားမဝင် ထိုင်းနိုင်ငံသား အမျိုးသား (၁၂) ဦးနှင့် အမျိုးသမီး (၆) ဦး၊ စုစုပေါင်း (၁၈) ဦးတို့အား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်ရာတွင်အသုံးပြုသည့် အလျား ၃၀ ပေ အနံ ၁၅ ပေ ယာယီလူနေတဲ ၁ လုံး၊ အလျား ၁၅ ပေ အနံ ၁၀ ပေ ယာယီလူနေတဲ ၂ လုံး၊ အလျား ၂၀ ပေ အနံ ၁၅ ပေ ယာယီအလုပ်ရုံတဲ ၁ လုံး၊ အလျား ၁၅ ပေ အနံ ၁၀ ပေ ယာယီစားချက်ဆောင် ၁ လုံး၊ Star Link ၂ လုံး၊ ALL In One Computer ၇ လုံး၊ Color Printer တစ်လုံး၊ ဖုန်းမျိုးစုံ ၁၆ လုံး၊ CPU(မကောင်း) နှစ်လုံး၊ ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ အွန်လိုင်းလိမ်လည်လောင်းကစားမှုများလုပ်ကိုင်ခဲ့သည့် ဖမ်းဆီးရမိသူများအား လိုအပ်သည့်စစ်ဆေးမှုများဆောင်ရွက်ပြီးစီးပါက တည်ဆဲဥပဒေများနှင့်အညီ ထိရောက်ပြင်းထန်စွာအရေးယူဆောင်ရွက်သွားမည်ဖြစ်ပြီး သိမ်းဆည်းရမိသည့်လုပ်ငန်းသုံးပစ္စည်းများအား လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးထားသည်။
