NP News

၂၃၀ ကေဗွီမြောင်းတကာပင်မဓာတ်အားခွဲရုံပြုပြင်ရေးဆောင်ရွက်မည်ဖြစ်၍ ရန်ကုန်တိုင်းနှင့်ဧရာဝတီတိုင်းရှိ အချို့မြို့နယ်များတွင် မနက်ဖြန် ယာယီဓာတ်အားပြတ်တောက်မည်

ပုလဲ (NP News) - အောက်တိုဘာ ၃၁

၂၃၀ ကေဗွီမြောင်းတကာပင်မဓာတ်အားခွဲရုံပြုပြင်ရေးဆောင်ရွက်မည်ဖြစ်၍ ရန်ကုန်တိုင်းနှင့်ဧရာဝတီတိုင်းရှိ အချို့မြို့နယ်များတွင် မနက်ဖြန် ယာယီဓာတ်အားပြတ်တောက်မည်ဖြစ်ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနကအသိပေးထုတ်ပြန်ထားသည်။

၂၃၀ ကေဗွီမြောင်းတကာပင်မဓာတ်အားခွဲရုံရှိ ကွဲအက်ချို့ယွင်းမှုဖြစ်ပေါ်နေသော ကြွေသီးတွဲ အစားထိုးလဲလှယ်ခြင်းလုပ်ငန်းကို နိုဝင်ဘာ (၁) ရက် နံနက် (၁၁) နာရီမှ မွန်းလွဲ (၂) နာရီအထိ ဓာတ်အားပိတ်ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

ဓာတ်အားပိတ်လုပ်ငန်းဆောင်ရွက်စဉ် ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ အချို့မြို့/မြို့နယ်များ၊ ရပ်ကွက်များနှင့်ကျေးရွာများ ယာယီဓာတ်အားပြတ်တောက်နေမည်ဖြစ်သည့်အတွက် ဓာတ်အားပြတ်ဧရိယာများရှိ ဓာတ်အားသုံးစွဲသူ မိဘပြည်သူများအား သက်ဆိုင်ရာမြို့နယ်လျှပ်စစ်မန်နေဂျာနှင့် မြို့နယ် လျှပ်စစ်အင်ဂျင်နီယာရုံးများမှတစ်ဆင့် ကြိုတင်အသိပေးထားပြီးဖြစ်ကြောင်း သိရသည်။

အလားတူ နေပြည်တော် ပျဉ်းမနားမြို့နယ်အတွင်း ဓာတ်အားပြတ်တောက်မှုလျော့နည်းစေရေးအတွက် ဓာတ်အားလိုင်းများတစ်လျှောက် မလွတ်ကင်းသော သစ်ပင်သစ်ကိုင်းများ၊ ချုံနွယ်များ ခုတ်ထွင်ရှင်းလင်းခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် (၃၃) ကေဗွီ ပေါင်းလောင်းတိုးချဲ့ဓာတ်အားလိုင်းကို ယနေ့ အောက်တိုဘာ (၃၁) ရက် နံနက် (၉) နာရီမှ မွန်းလွဲ (၂) နာရီအထိ ဓာတ်အားပိတ်၍ ထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါလုပ်ငန်းများဆောင်ရွက်စဉ် ယာယီဓာတ်အားပြတ်တောက်နေမည်ဖြစ်ပြီး ဓာတ်အားပြတ်ဧရိယာများရှိ ရုံးဌာနများနှင့် အများပြည်သူဆိုင်ရာနေရာများကို ကြိုတင်အသိပေးထားပြီးဖြစ်ကြောင်းလည်း သိရသည်။

မူရင်းသတင်း — NP News