
သန့်ဇင် (NP News) - အောက်တိုဘာ ၃၁
မြန်မာနိုင်ငံမှ သင်တန်းသားများအနေဖြင့် ၂၀၁၆-၂၀၁၇ ခုနှစ်မှ ၂၀၂၅-၂၀၂၆ ခုနှစ်အထိ (၁၀)နှစ်အတွင်း ITEC မှ ဖွင့်လှစ်သည့်ကာလတို သင်တန်း စုစုပေါင်း (၄၀၅၇) ခု သို့တက်ရောက်ခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာအိန္ဒိယနိုင်ငံသံအမတ်ကြီး Mr. Abhay Thakurက ပြောကြားခဲ့သည်။
ယမန်နေ့(အောက်တိုဘာ ၃၀ ရက်) ညနေ (၅) နာရီခွဲက နေပြည်တော်ရှိ Park Royal Hotel ၌ ကျင်းပသည့် ၂၀၂၆ ခုနှစ် အိန္ဒိယနည်းပညာနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအစီအစဉ်အခမ်းအနား (Indian Technical & Economic Cooperation (ITEC) Day-2026)တွင် အိန္ဒိယနိုင်ငံ သံအမတ်ကြီးက အထက်ပါကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးအောင်ကျော်ဟိုး၊ ဒေါက်တာကံဇော်၊ ဒေါက်တာချောချောစိန်၊ ဒေါက်တာ စိုးဝင်း၊ ဒေါက်တာချာလီသန်းနှင့် ဦးထွန်းအုံတို့အပြင် ဌာနဆိုင်ရာတာဝန်ရှိသူများလည်း တက်ရောက်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် အိန္ဒိယနည်းပညာနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု(ITEC) အစီအစဉ်သည် ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံများ နှင့် အိန္ဒိယနိုင်ငံတို့၏ ဖွံ့ဖြိုးတိုးတက်မှုမိတ်ဖက်ဆက်ဆံရေး၏ အဓိကမဏ္ဍိုင်ကြီးတစ်ခုအဖြစ် ရပ်တည်လျက်ရှိကြောင်း အိန္ဒိယနိုင်ငံသံအမတ်ကြီးက ဆိုသည်။
ထို့ပြင် မြန်မာနိုင်ငံမှ သင်တန်းသားများ အနေဖြင့် ၂၀၁၆-၂၀၁၇ ခုနှစ်မှ ၂၀၂၅-၂၀၂၆ ခုနှစ်အထိ ၁၀ နှစ်အတွင်း ITEC မှ ဖွင့်လှစ်သည့်ကာလတိုသင်တန်း စုစုပေါင်း (၄၀၅၇) ခုသို့ ပါဝင်တက်ရောက်ခဲ့ကြောင်း အိန္ဒိယနိုင်ငံသံအမတ်ကြီးက ပြောကြားခဲ့သည်။
အဆိုပါ သင်တန်းများသည် အုပ်ချုပ်ရေး၊ ဥပဒေ၊ ခေါင်းဆောင်မှု၊ လုံခြုံရေး၊ ကျန်းမာရေး၊ ဒီဂျစ်တယ်နည်းပညာ၊ အင်္ဂလိပ်စာ ကျွမ်းကျင်မှု၊ စိုက်ပျိုးရေး၊ ငွေကြေးစီမံခန့်ခွဲမှုနှင့် အခြားသောပညာရပ်ဆိုင်ရာကျွမ်းကျင်မှုများ စသည့်ကဏ္ဍစုံကိုလွှမ်းခြုံထားပြီး မြန်မာနိုင်ငံတစ်ဝန်းကျွမ်းကျင်ပညာရှင်များပေါ်ထွန်းလာစေရန် အထောက်အကူပြုလျက်ရှိကြောင်း အိန္ဒိယနိုင်ငံသံအမတ်ကြီးက ဆိုသည်။
အိန္ဒိယနိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များတွင် အပြန်အလှန်လေးစားမှုနှင့် ရေရှည်တည်တံ့သော မိတ်ဖက်အဖြစ် ဆက်လက်တည်ရှိ နေမည်ဖြစ်ကြောင်းလည်း အိန္ဒိယနိုင်ငံသံအမတ်ကြီးက ပြောကြားခဲ့သည်။
ထို့နောက် အမျိုးသားစီမံကိန်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကျော်ဟိုးက အိန္ဒိယနည်းပညာနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု(ITEC)အစီအစဉ်သည် ၁၉၆၄ ခုနှစ် စက်တင်ဘာ (၁၅) ရက်တွင် စတင်ခဲ့သဖြင့် သက်တမ်းအရှည်ကြာဆုံးနှင့် နိုင်ငံတကာ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်တစ်ခုအဖြစ် ရပ်တည်လျက်ရှိကြောင်း ဆိုသည်။
စွမ်းဆောင်ရည် မြှင့်တင်ရေးသင်တန်းများကို မြန်မာနိုင်ငံသို့ ၁၉၉၆ ခုနှစ်မှ စတင်ပေးအပ်ခဲ့ရာ နယ်ပယ်အသီးသီးမှ နိုင်ငံ့ဝန်ထမ်းများ၏ စွမ်းဆောင်ရည် ခိုင်မာအားကောင်းလာစေရေးတွင် အရေးပါသောကဏ္ဍမှ ပါဝင်ခဲ့ကြောင်းလည်း ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့သည်။
ကာလတို၊ ကာလရှည်သင်တန်းများအပြင် မဟာဘွဲ့နှင့် ပါရဂူဘွဲ့သင်တန်းများပေးအပ်လျက်ရှိသည့်အပေါ် အသိအမှတ်ပြုကြောင်း နှင့် အိန္ဒိယနည်းပညာနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအစီအစဉ်၏ အောင်မြင်မှုများ ဆက်လက်တည်ရှိနိုင်ရန် ဆန္ဒပြုပါကြောင်း လည်း ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့သည်။