
ပုလဲ (NP News) - အောက်တိုဘာ ၃၁
ပြည်ပရောက်မြန်မာလုပ်သားများ၏ လွှဲပို့ငွေများကို တရားဝင်လမ်းကြောင်းမှ ဝင်ရောက်နိုင်မည့်စနစ်တစ်ခုတည်ဆောက်နိုင်ရေးဆောင်ရွက်နေကြောင်း အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်၏ ပြောကြားချက်အရ သိရသည်။
ယမန်နေ့ (အောက်တိုဘာ ၃၀ ရက်) က ပြည်ပနိုင်ငံများရှိ မြန်မာရွှေ့ပြောင်းအလုပ်သမားများ၏ မိသားစုလွှဲပို့ငွေများ မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှတစ်ဆင့် မှန်ကန်စွာဝင်ရောက်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကို အလုပ်သမားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပစဉ် အထက်ပါကဲ့သို့တိုက်တွန်းပြောကြားခဲ့ခြင်းဖြစ်သည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက ပြည်ပရောက်မြန်မာအလုပ်သမားများမှ ၎င်းတို့၏ မိသားစုထံသို့ လွှဲပို့ငွေများကို တရားဝင်လမ်းကြောင်းမှ မှန်ကန်စွာဝင်ရောက်နိုင်မည့်စနစ်တစ်ခုတည်ဆောက်နိုင်ရေး အလေးထားဆောင်ရွက်လျက်ရှိကြောင်း၊ လုပ်သားများ၏ မိသားစုလွှဲပို့ငွေများကို မိမိဆန္ဒအလျောက် တရားဝင်ဘဏ်လမ်းကြောင်းများမှတစ်ဆင့် စနစ်တကျလွှဲ ပို့နိုင်ရေး အခြားနိုင်ငံများတွင်လည်း ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့သည်။
ထို့အတူ ထိုင်းနိုင်ငံတွင် မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (Certificate of Identity-CI)ထုတ်ပေးရေးစခန်းငါးခုကို အောက်တိုဘာ ၁၄ ရက်မှ စတင်ဖွင့်လှစ် ဆောင်ရွက်ပေးလျက်ရှိပြီး CI စာအုပ်လာရောက် လျှောက်ထားသည့်အလုပ်သမားများ ၏ အနည်းဆုံး ဝင်ငွေခွန်တစ်နှစ်စာနှင့် မိသားစုလွှဲပို့ငွေသုံးလစာလွှဲပို့ထားသည့် အထောက်အထားများကို စိစစ်ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့သည်။
CI လာရောက်ပြုလုပ်သည့် မြန်မာရွှေ့ပြောင်းအလုပ်သမား များ၏ မိသားစုလွှဲပို့ ငွေများကို True Money၊ 2C2P Wave၊ K+Bank၊ Karsikorn Bank၊ Dee Money အစရှိသည့် ငွေလွှဲလုပ်ငန်းများမှ လွှဲပို့ထားသည်ကိုတွေ့ရှိရပြီး ငွေလွှဲ အထောက်အထားများကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်သို့ပေးပို့၍ သက်ဆိုင်ရာဌာနမှ ဆက်လက်စိစစ်ဆောင်ရွက်သွားမည်ဖြစ်သဖြင့် သက်ဆိုင်ရာ A.D လိုင်စင်ရဘဏ်များနှင့် RBL လိုင်စင်ရငွေလွှဲလုပ်ငန်းများအနေဖြင့် မိမိတို့နှင့် ချိတ်ဆက်ဆောင်ရွက်လျက်ရှိသည့် ပြည်ပငွေလွှဲလုပ်ငန်းများအပေါ် အမျိုးသားအကျိုး စီးပွားအဖြစ် အလေးထား၍ ဝိုင်းဝန်းဆောင်ရွက်ပေးကြရန် ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
ထို့ပြင် ဒုတိယဝန်ကြီးက ရွှေ့ပြောင်းအလုပ်သမားများသည် နိုင်ငံတော်အတွက် အရေးပါသောအခန်းကဏ္ဍမှာပါဝင်သည့် ရွှေ့ပြောင်းလုပ်သားများနှင့် ၎င်းတို့၏မိသားစုများ လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်စေရန်၊ ဂုဏ်သိက္ခာရှိသောရွှေ့ပြောင်းသွားလာမှုဖြစ်စေရန်၊ ပြည်ပရောက်မြန်မာရွှေ့ပြောင်းလုပ်သားများကို ကူညီစောင့်ရှောက်ရေးနှင့် မိသားစုလွှဲပို့ငွေများ မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှတစ်ဆင့် စနစ်တကျဝင်ရောက်နိုင်ရေး သက်ဆိုင်ရာကဏ္ဍအလိုက် ပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းဆွေးနွေးခဲ့ကြောင်း သိရသည်။